ပေါ်တာဆွဲပြီးပြန်လာတဲ့ ရဲနဲ့ပျူ‌စောထီးပါတဲ့ကား တိုက်ခိုက်ခံရလို့ ၂ ဦးသေ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကွင်းကြီးကျေးရွာနဲ့ ဂပျိုရွာကြား နတ်မောက်-အမြန်လမ်းပေါ်မှာ ပြည်သူတွေကို ပေါ်တာဆွဲပြီး ပြန်လာတဲ့ ရဲနဲ့ပျူစောထီးအဖွဲ့တွေပါတဲ့ကား တိုက်ခိုက်ခံရလို့ ၂ ဦးသေ ၃ ဦးဒဏ်ရာရတယ်လို့ နေပြည်တော်တပ်ရင်း ၉၀၃ နတ်မောက် ဂဠုန် PDF အဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၂၁ ရက် နေ့လယ် ၁၂ နာရီခန့်မှာ စိုင်ခေါင်းရဲစခန်းဘက်ကနေ နတ်မောက်မြို့ဘက်ကိုပြန်လာတဲ့ ရဲနဲ့ပျူ  ၇ ဦး လိုက်ပါလာတဲ့ကားကို မိုင်းဆွဲပြီးနောက် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ကားက နတ်မောက်ထွေအုပ်က လိုင်စင်မဲ့ကားဆိုတာ သေချာတယ်။ အဲဒီကားနဲ့ စိုင်ခေါင်ရဲစခန်းရှေ့မှာ ဒေသခံတွေကို ဖမ်းဆီးငွေညှစ်ပြီး ပြန်လာတာကို ဝိုင်းပစ်ခဲ့တာပါ။ ကားရှေ့လေကာမှန် ကွဲကျခဲ့တယ်။ ထိခိုက်တာတွေလည်းရှိတယ်"လို့ နေပြည်တော်တပ်ရင်း ၉၀၃ နတ်မောက် ဂဠုန် PDF တာဝန်ခံ ဗိုလ်အောင်ဒင်က ပြောပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်းမှာ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ပြန်လည်စုံစမ်းသိရှိရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့တွေဟာ နတ်မောက်မြို့နယ်အတွင်းမှာ သွားလာရာမှာ အရပ်ဝတ်၊ အရပ်သားကားတွေကိုသာ ယခုနောက်ပိုင်းမှာ အသုံးပြုသွားလာတာများလာတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာတော့ ပစ်ခတ်မှုဖြစ်သွားတဲ့ ကွင်းကြီးနဲ့ ဂပျိုရွာဘက်ကို စစ်ကောင်စီအင်အား ၅၀ ခန့် စစ်ကြောင်းထိုးပြီးနောက် တမုတ်ကုန်းရွာမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို နေပြည်တော် တပ်ရင်း ၉၀၃၊ တပ်ခွဲ၁၊ တပ်ခွဲ ၃၊ နတ်မောက်မြို့နယ်ပကဖ၊ မြို့သစ်မြို့နယ်ပကဖ၊ ကျားသစ်နက်တပ်ရင်း၊ နေပြည်တော် ၉၀၂ တပ်ရင်း၊ BO 1 နဲ့ကြိုးကြာနီတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#နတ်မောက် #ပေါ်တာဆွဲ #ရဲ #ပျူစောထီး #တိုက်ခိုက်ခံရ #မိုင်းဆွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10