ပဲခူးတိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာပြီး အကြမ်းဖက်လာနိုင်လို့ သတိထားဖို့လိုဟုဆို

ပဲခူးတိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာပြီး အကြမ်းဖက်လာနိုင်လို့ သတိထားဖို့လိုဟုဆို

ပဲခူးတိုင်းဒေသကြီးထဲက ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး(Martial Law) ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေ ပိုလုပ်လာနိုင်လို့ သတိထားကြဖို့ လိုတယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာထားပြီးပါက စစ်ကြောင်းအကြီးအကျယ် ထိုးတာတွေ၊ ပြည်သူတွေအပေါ်ဖိနှိပ်မှုတွေ၊ ​အကြမ်းဖက်လုပ်ရပ်တွေ ယခင်ကထက် ပိုမိုလုပ်လာနိုင်တာကြောင့် ပြည်သူတွေကော ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ သတိထားလုပ်ကိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

"အမှန်ပြောရရင်တော့ စစ်အုပ်ချုပ်ရေး ထုတ်လည်း မထူးပါဘူး။ ခုလည်း နေရာတိုင်းမှာ သူတို့စိုးမိုးခြယ်လှယ်နေတာဘဲ။ ပြည်သူတွေကလည်း ထူးပြီး ခံစားနေရမှာ မဟုတ်ဘူး။ အားလုံးက ဒုက္ခရောက်နေကြတာဘဲလေ။ ဒါပေမယ့် ဒီနေရာမှာ ပြည်သူကော ကာကွယ်ရေးအဖွဲ့တွေကော သတိထားရမှာက ယခင်ကထက် ထိုးစစ်တွေ ပိုလုပ်လာနိုင်တယ်။ ပြည်သူတွေကိုလည်း ယခင်ကထက် ပိုပြီးဖိနှိပ်လာနိုင်တယ်။ ဘာမှမဟုတ်တဲ့ အကြောင်းအရာနဲ့ ထောင်နှစ်ရှည်ချတာတွေ လုပ်လာနိုင်တယ်" လို့  သူက ပြောပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ယခင်ကထက်ပိုပြီး မိမိလုံခြုံရေး၊ တပ်ဖွဲ့လုံခြုံရေး၊ နယ်မြေလုံခြုံရေးအတွက် ပိုမိုအလေးထားဆောင်ရွက်ဖို့ လိုသလို စစ်ကောင်စီရဲ့ လုပ်လာနိုင်တဲ့ ထိုးစစ်ကို ပြန်လည်တိုက်ခိုက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။

"Martial Law ဆိုတာက စစ်ဗိုလ်ချုပ်တွေကို သူတို့သက်ဆိုင်ရာ နယ်မြေအလိုက် စိတ်ကြိုက်စီမံပိုင်ခွင့်ပေးလိုက်တာနဲ့တူတယ်။ သူတယောက်တည်းရဲ့ အဆုံးအဖြတ်နဲ့ အားလုံးက လိုက်နာရမယ့်သဘော။ ခုချိန်မှာ စစ်ကောင်စီက သူတို့လုပ်နိုင်တဲ့အရာအားလုံးကို လုပ်တော့မှာ ဖြစ်သလို ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေအပေါ်ကိုလည်း ယခင်ကထက် ပိုဖိနှိပ်လာတော့မှာဖြစ်လို့ မပေါ့ဆဖို့လိုတယ်" လို့ ထပ်မံပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကို ကူညီထောက်ပံအားပေးနေတဲ့ ပြည်သူတွေအနေနဲ့ ယခင်ကထက် ခြေသံလုံစွာ၊ အထောက်အထား မကျန်အောင် လုပ်ဆောင်ပြီး လုံခြုံရေးသတိရှိဖို့ လိုတယ်လို့ ဆိုပါတယ်။

လက်ရှိအခြေနေမှာ ပဲခူးတိုင်းထဲက ရိုးမတစ်လျှောက်မြို့နယ်တွေကို စစ်ကောင်စီဘက်က အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေပြီး ပိတ်ဆို့ထားတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ နယ်မြေတွေမှာ လူသတ်မှု၊ လူသေမှု၊ မုဒိန်းမှု၊ လုယက်မှု၊ ဓားမြမှု၊ အဂတိလိုက်စားမှု၊ နိုင်ငံတော်သစ္စာဖောက်ပုန်ကန်မှု၊ အစိုးရအကြည်ညိုပျက်အောင်လုပ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စတွေ အပါအဝင် အမှုပေါင်း ၂၀ ကျော်ကို စစ်ခုံရုံးကနေ စစ်ဆေးပြီး အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်လေ့ရှိတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီစစ်ကြောင်း တခုကို တွေ့ရစဉ် (ပုံဟောင်း)

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10