ပဲခူးနဲ့ မကွေးတိုင်းက မြို့နယ်တွေမှာ စစ်တပ်က တပ်သားသစ်စုဆောင်းမှုနဲ့ ငွေကြေးကောက်ခံတာတွေ လုပ်နေ

ပဲခူးနဲ့ မကွေးတိုင်းက မြို့နယ်တွေမှာ စစ်တပ်က တပ်သားသစ်စုဆောင်းမှုနဲ့ ငွေကြေးကောက်ခံတာတွေ လုပ်နေ

ပဲခူးတိုင်းထဲက မြို့နယ်တွေဖြစ်တဲ့ ပြည်၊ ပေါင်းတည်၊ ပေါက်ခေါင်း၊ နတ္တလင်း၊ သာယာဝတီနဲ့ မကွေးတိုင်းထဲက ပွင့်ဖြူ၊ ရေနံချောင်းတို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာနဲ့ ငွေကြေးကောက်ခံတာတွေ အတင်းအဓမ္မ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ဩဂုတ် ၁၆ ရက်က ပဲခူးတိုင်း ပြည်မြို့နယ်၊ ထမ္မကောက်အုပ်စု၊ ထမ္မကောက်ရွာမှာ စစ်မှုထမ်းရမယ့် လူငယ် တွေရဲ့ စာရင်းတွေ ရောက်ရှိလာတာကြောင့် လူငယ်တွေ အိမ်တွေမှာမအိပ်ရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကျေးရွာလူကြီးတွေဆီမှာ သွားရောက်ဆွေးနွေးကြတဲ့အခါမှာလည်း စစ်မှုထမ်းစာရင်းပါသူတွေကို ကျပ်သိန်း ၃၀ ကနေ ကျပ် ၅၅ သိန်းအထိတောင်းဆိုတာကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။ 

ပြည်မြို့၊ ပေါင်းတလည်နဲ့ ပေါင်းခေါင်းမြို့က ရွာတွေမှာ စစ်ကောင်စီက ဩဂုတ် ၁၇ ရက်ကစပြီး လူငယ်တွေကို အသက်တွေမေးမြန်းတာနဲ့ လိုက်လံဖမ်းဆီးတာတွေလုပ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင် နေရကြပါတယ်။

ကျေးရွာတွေက အိမ်တွေထဲအထိ လိုက်လံဖမ်းဆီးနေတာကြောင့် လူငယ်တွေဟာ ရွာတွေမှာမအိပ်ရဲဘဲ နီးစပ်ရာ တောနေရာတွေမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာတော့ ဩဂုတ် ၁၉ ရက် ညနေပိုင်းကစတင်ကာ ညောင်ဇင်၊ ကန်ကျောက်၊ ရွာပုလဲနဲ့ သပြေစုစတဲ့ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ စစ်ကောင်စီက လာရောက်ခေါ်ဆောင်တာတွေ ရှိနေပြီး အိမ်ထောင်သည်တွေကိုပါ ခေါ်ဆောင်နေတယ်လို့ နယ်မြေခံတဦးက ပြောပါတယ်။

ဩဂုတ် ၂၀ ရက်ကလည်း ပေါင်းတည်မြို့ပေါ်မှာ စစ်မှုထမ်းစာရင်းပါပြီးသား လူငယ်တွေကို အရပ်ဝတ်တွေနဲ့ လိုက်လံဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

“အရပ်ဝတ်တွေနဲ့ လိုက်ဖမ်းတာ၊ သူတို့လိုချင်တဲ့သူမရတော့ သောင်းကျန်းနေတာ။ ညတုန်းက ၁၉ လမ်းနဲ့ ၁၇ လမ်းမှာလည်း လိုက်ဆွဲနေတယ်။ တနေ့ထက်တနေ့ ညရောက်ပြီဆို ပူနေရတယ်။” လို့ ပေါင်းတည်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

စာရင်းထွက်ပြီးသားလူငယ်တွေကို အခုလို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ပြည်သူ့စစ်သင်တန်းဆင်းတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

နတ္တလင်းမြို့ အနောက်ခြမ်းကျေးရွာတွေမှာလည်း ဩဂုတ် ၁၈ ရက်က စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေတာ ကြောင့် ပုန်းရှောင်နေကြရပါတယ်။ အဲ့ဒီကျေးရွာတွေမှာ စစ်မှုထမ်းထောက်ပံ့ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တအိမ်ထောင် ကျပ် ၁ သောင်းနှုန်း အုပ်ချုပ်ရေးမှူးဆီကို ပေးသွင်းကြရတဲ့ရွာတွေဖြစ်ပြီး အခုလို လာရောက် ဖမ်းဆီးတာ မတိုင်ခင်လတွေတုန်းက အသက် ၁၈ ကနေ ၃၅ အရွယ်တွေကို စာရင်းကောက်တာ၊ ဓာတ်ပုံရိုက်တာနဲ့ မြို့နယ်ကိုပို့မယ်ဆိုတဲ့ဖောင်တွေ ဖြည့်ပေးရတာတွေရှိတယ်လို့ ဒေသခံတဦးကပြောပါတယ်။ 

“သူတို့က တရားခံဖမ်းသလို လိုက်ဖမ်းတာ။ အနားကရွာဆို သုံးလေးယောက်လောက် အဖမ်းခံကြရတယ်။ နေ့စားအလုပ်သမားတွေလည်း အလုပ်မလုပ်နိုင်ကြတော့ဘူး။ ဘယ်အချိန်လာဆွဲမလဲမသိလို့ အားလုံး ထိတ်လန့်နေရပါတယ်။”လို့ သူကပြောပါတယ်။ 

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာမှာလည်း စကစလက်အောက်ခံအုပ်ကြီးက ဦးဆောင်ပြီး စစ်မှုထမ်းကြဖို့ ညတိုင်းလိုလို လော်စပီကာနဲ့အော်ဟစ်ပြောဆိုနေကာ ငွေကြေးကောက်ခံတာလည်း လုပ်နေတယ်လို့ သိရပါတယ်။ 

“တအိမ်ထောင် တသိန်းခွဲတောင်းတယ်။ ပျူစောထီးလည်းများတယ်။ တဝက်လောက်က လက်နက်ကိုင်ထားကြတာ။ ညဆိုရင် သေနတ်ဖောက်ဖောက်ပြီး ခြိမ်းခြောက်တယ်။  ပြည်သူတွေက ထိတ်လန့်နေရတာပေါ့။” လို့ ပွင့်ဖြူမြို့ခံတဦးက ပြောပါတယ်။ 

ဩဂုတ် ၁၉ ရက်ကစကာ စစ်မှုထမ်းဖို့နဲ့ တအိမ်ထောင် ကျပ်တသိန်းခွဲပေးသွင်းဖို့ပြောဆိုတာဖြစ်ပြီး လက်လုပ် လက်စားအိမ်တွေအတွက် အခက်ကြုံနေကြရပါတယ်လို့ ကျေးရွာခံတွေက ပြောပါတယ်။ 

အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာ ရွာအဝင်မှာ ဂိတ်ဆောက်ထားပြီး နွားဝယ်၊ သစ်ဆွဲကားတွေကို ပိုက်ဆံကောက်ခံတာမျိုးတွေ လုပ်နေပါတယ်။ ပိုက်ဆံပေးသွင်းဖို့ခက်ခဲတဲ့နေအိမ်တွေကို စစ်မှုထမ်းရမယ်ဆိုပြီး ပြောဆိုသွားတယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဘူးကျွန်းကျေးရွာမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ဘူးကျွန်း အရှေ့ရွာ၊ ဘူးကျွန်းတောင်ရွာနဲ့ ဘူးကျွန်းမြောက်ရွာက ရာအိမ်မှူးတွေဟာ ကျေးရွာတွေထဲက လူငယ်တွေကို စစ်မှုထမ်းဖို့ဆိုကာ အတင်းဝင်ရောက်ဖမ်းဆီးတာတွေလုပ်နေတာကြောင့် လူငယ်တွေရှောင်တိမ်း နေကြရတယ်လို့ ဒေသခံတဦးကပြောပါတယ်။ 

စစ်ကောင်စီဟာ ပဲခူးတိုင်းနဲ့ မကွေးတိုင်းထဲက ကျေးရွာတွေမှာ လူငယ်တွေကို အခုလိုဖမ်းဆီးတာတွေအပြင် နိုင်ငံရပ်ခြားမှာ အလုပ်သွားရောက်ပြီး အလုပ်လုပ်နေသူတွေရဲ့ စာရင်းတွေကိုပါ ကောက်ခံနေတာကြောင့် အိမ်မှာ ကျန်ရစ်သူတွေက လက်မှတ်တွေထိုးပေးလိုက်ကြရတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်မှုထမ်းသင်တန်း အပတ်စဉ် ၄ တက်ရောက်ရမည့်သူများအား တွေ့ရစဉ်။ (ဓါတ်ပုံ - စစ်ကောင်စီတယ်လီဂရမ်)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #မကွေး #လူငယ် #စစ်မှုထမ်း #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10