ပဲခူးမြစ်ရေ ဆက်တက်နေလို့ ယာယီရေဘေးရှောင်စခန်း ၁၂ ခုထိ ဖွင့်ထားရ

ပဲခူးမြစ်ရေ ဆက်တက်နေလို့ ယာယီရေဘေးရှောင်စခန်း ၁၂ ခုထိ ဖွင့်ထားရ

ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာ ဇူလိုင် ၂၈ ရက် ဒီမနက်ပိုင်းထိ ပဲခူးမြစ်ရေ ဆက်တိုက်မြင့်တက်လာနေတာကြောင့် ဒေသခံထောင်ကျော် ရေဘေးသင့်နေကာ ယာယီရေဘေးရှောင်စခန်း ၁၂ ခုအထိ ဖွင့်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပဲခူးမြို့ပေါ်မှာ ရပ်ကွက်ပေါင်း ၂၁ ခုရှိပြီး လက်ရှိ ရပ်ကွက် ၁၂ ခုက လူဦးရေ ၁၈၀၀ ကျော်ကို ကူညီကယ်ဆယ်ထားရတယ်လို့ ဆိုပါတယ်. 

"ပရဟိတသမားတွေနဲ့ အုပ်ချုပ်ရေးမှူးပေါင်းပြီး ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားလိုက်တာပါ။ စခန်းတခုကို လူဦးရေ ၁၅၀ လောက်ရှိမယ်။ ခုနေထိ ပဲခူးမြို့ပေါ်မှာတင် ၁၂ ခုရှိပါပြီ။ ရေက ဆက်တက်နေတယ်။" လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

အဲ့ဒီရေဘေးရှောင်စခန်းတွေကို မြို့ပေါ်အလှူရှင်တွေက ရိက္ခာထောက်ပံ့ကူညီပေးနေပြီး ရက်ရှည်ဖြစ်လာရင်တော့ စားနပ်ရိက္ခာအပြင် ဆေးဝါးနဲ့ ရေသန့်လိုအပ်ချက်တွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ ဥဿာမြို့သစ် ၆၊ ၇ ရပ်ကွက်၊ ကျွန်းသာယာ၊ ကလျာဏီ၊ မဇင်း၊ ဇိုင်းမြောက်၊ ဇိုင်းတောင်၊ ပုဏ္ဍားစု၊ မှော်ကန်၊ နန်းတော်ရာ၊ မြို့သစ် (ဂ)၊ ကျောက်ကြီးစုရပ်ကွက်က ဒေသခံတွေ အဓိကရေဘေးသင့်နေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် ညနေပိုင်းက စတင်ကာ ပဲခူးမြစ်ရေမြင့်တက်လာတာကြောင့် ပဲခူးမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရေကြီးရေလျှံမှုစတင် ဖြစ်ပွားခဲ့တာပါ။ 

ဇူလိုင် ၂၈ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲအထိ မိုးဇလဌာနထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ စိုးရိမ် ရေမှတ် ၈၈၀ စင်တီမီတာထက်ကျော်လွန်ပြီး ၉၈၂ စင်တီမီတာထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူးမြစ်ရေ #မြစ်ရေတက် #ပဲခူးမြို့ #ယာယီရေဘေးရှောင်စခန်းဖွင့် #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10