ပဲခူးမြို့နယ်မှာ စစ်သင်တန်းတက်ရန် မဲပေါက်တဲ့ အုပ်ချုပ်ရေးမှူးတချို့ ငိုနေကြရ

ပဲခူးမြို့နယ်မှာ စစ်သင်တန်းတက်ရန် မဲပေါက်တဲ့ အုပ်ချုပ်ရေးမှူးတချို့ ငိုနေကြရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကအစ ပြည်သူ့စစ်သင်တန်းတက်ရန် မဲနှိုက်ရာမှာ မဲပေါက်တဲ့အုပ်ချုပ်ရေးမှူးတချို့ ငိုနေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်မှာ ပဲခူးမြို့နယ်၊ မုန်တိုင်းကျေးရွာမှာ စစ်ကောင်စီအဖွဲ့တွေကဦးစီးပြီး အုပ်ချုပ်ရေးမှူး အပါအဝင် ကျေးရွာသားတွေကို မဲနှိုက်ခိုင်းစဥ် အုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၅၀ ခန့် မဲပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

"စစ်တပ်နဲ့ ဌာနဆိုင်ရာက လူတွေကြီးကြပ်ပြီး မဲနှိုက်ခိုင်းတယ်လို့ သိရတယ်။ အုပ်ကြီးကိုယ်တိုင်မဲပေါက်လို့ အိမ်ရောက်တော့ ငိုနေတယ်လို့ သိရတယ်။ သူတို့ကိုယ်တိုင်ကျတော့ ပြည်သူစစ်မလုပ်ချင်ကြဘူးလေ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဇန်နဝါရီလကုန်ပိုင်းခန့်ကတည်းက ပဲခူးမြို့နယ်ထဲက ကျေးရွာတွေမှာ ပြည်သူ့စစ်သင်တန်းတက်ရန် ဒေသခံတွေ မဲနှိုက်နေရတာဖြစ်ပြီး စစ်ကောင်စီကို ပိုက်ဆံမရှာပေးနိုင်တဲ့ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေကတော့ မဲနှိုက်ရာမှာ ရှောင်လွဲမရဘဲ ပါဝင်နေရတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့ပေါ်မှာ ပြည်သူ့စစ်ထဲဝင်ဖို့ ဒေသခံတွေကို စစ်ကောင်စီဘက်က ဖိအားပေးတာတွေ မလုပ်သေးပေမယ့် ကျေးရွာတွေဘက်မှာတော့ တရွာကို လူ ၂၀ နှုန်းနဲ့ ပြည်သူ့စစ်ဖွဲ့ရမယ်ဆိုပြီး ဖိအားပေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းတတိုင်းလုံးမှာ စစ်ကောင်စီအနေနဲ့ ကျေးရွာတွေမှာ ပြည်သူစစ်ဖွဲ့ဖို့ ဖိအားပေးနေပြီး ပြည်သူ့စစ်ထဲ မဝင်လိုသူတွေများနေတာကြောင့် မဲနှိုက်ခိုင်းတာ၊ ငွေကြေးပေးပြီး ဝင်ခိုင်းတာနဲ့ ခြိမ်းခြောက် ဝင်ခိုင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #ပဲခူး #ပြည်သူ့စစ်သင်တန်း #မဲနှိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10