ပဲခူးမြို့ပေါ်မှာ လိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးပြီး အမျိုးအစားပေါ်မူတည်ကာ ပိုက်ဆံတောင်း

ပဲခူးမြို့ပေါ်မှာ လိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးပြီး အမျိုးအစားပေါ်မူတည်ကာ ပိုက်ဆံတောင်း

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားအနောက်ဘက်မီးပွိုင့်မှာ စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲတပ်ဖွဲ့က လိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးပြီး ဆိုင်ကယ်အမျိုးအစား ပေါ်မူတည်ကာ ပိုက်ဆံတောင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
ဖေဖော်ဝါရီလ ၂၄ ရက်ဒီနေ့မနက် ၉ နာရီလောက်မှာ ပဲခူးမြို့ပေါ်က မော်တော်ပီကယ်တပ်ဖွဲ့ဝင် ၁၀ ဦး ဟာ လိုင်စင်မဲ့ဆိုင်ကယ်ကိုတွေကိုဖမ်းဆီးတာအပြင် ဖုန်းတွေကိုစစ်ဆေးတာတွေလုပ်ပြီး အမျိုးသားအများစုကို ပိုမိုစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။
 
"လူငယ်တွေကို အဓိကဖမ်းတယ်။ ဘယ်သွားမှာလဲ၊ ဘယ်ကလာလဲ၊ ခန္ဓာကိုယ်ကိုစမ်းလို့ တခုခုမင်္သကာရင် ဆိုင်ကယ်သော့ဖြုတ်ထားလိုက်တယ်။ သူတို့လက်ထဲပစ္စည်း‌ရောက်သွားရင် ဘယ်တော့မှ အလကားပြန်မပေးဘူး။ ငွေအကြိုက်ညစ်တာ၊ တချို့ဆိုအရှုံးခံလိုက်တယ်။ ကျနော်ကိုယ်တွေ့မို့ပါ" လို့ ဆိုပါတယ်။
 
ဆိုင်ကယ်တစီးကို သိန်းဂဏန်းအထိတောင်းနေတာဖြစ်ပြီး၊ ဒီကနေ့မနက် ဖမ်းဆီးရမိထားတဲ့ ဆိုင်ကယ် ၁၀ စီးနီးပါးကို ပဲခူးမြို့ထဲက ရွှေမော်ဓောဘုရား အနောက်ဘက်မှာရှိတဲ့ သီရိဟံသာခန်းမဘေးကို သယ်သွားပြီး အကုန်ယူသွားကြတယ်လို့ အထက်ပါမြို့ခံက ဆက်ပြောပါတယ်။
 
"ကျနော် ဆိုင်ကယ်နဲ့သွားပတ်ကြည့်ချိန် ဖမ်းထားတဲ့ဆိုင်ကယ်တွေကို သူတို့(မော်တော်ပီကယ်) ကားပေါ်ကို အကုန်တင်သွားတယ်။ အစောင့်တွေကိုလည်း လေးနေရာလောက်ထားပြီး ကင်းချထားတယ်" လို့ဆိုပါတယ်။
 
ပဲခူးမြို့ပေါ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီလက်အောင်ခံတွေက တလမှာ ငါးကြိမ်ထက်မနည်း ဖမ်းဆီးတာတွေပြုလုပ်နေပြီး တချို့ရက်တွေမှာဆိုရင် ယာဥ်ထိန်းရဲအပြင်၊ မီးသတ်၊ ရဲ နဲ့ စစ်ကောင်စီတပ်သားတွေကပါ စုပေါင်းပြီးဖမ်းဆီးတာတွေလုပ်တယ်လို့ သိရပါတယ်။
 

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10