ပဲခူးမြို့မှာ အတင်းအကျပ် စစ်သားစုဆောင်းတာတွေလုပ်နေပြီး မလိုက်သူတွေကို ပိုက်ဆံတောင်းတာ အိမ်ချိပ်ပိတ်တာတွေလုပ်

ပဲခူးမြို့မှာ အတင်းအကျပ် စစ်သားစုဆောင်းတာတွေလုပ်နေပြီး မလိုက်သူတွေကို ပိုက်ဆံတောင်းတာ အိမ်ချိပ်ပိတ်တာတွေလုပ်

ပဲခူးတိုင်း၊ ပဲခူးမြို့နဲ့ မြို့နယ်အတွင်းမှာ စစ်မှုထမ်းဥပဒေအရ ဒေသခံတွေကို စစ်သားစုဆောင်းတာ၊ မလိုက်သူတွေကို ငွေကြေးတောင်းခံတာ နေအိမ်ချိပ်ပိတ်တာတွေ စစ်ကောင်စီက အတင်းအကျပ်လုပ် ဆောင်နေတယ်လို့ သိရပါတယ်။

ဧပြီ တတိယအပတ်ကစပြီး ပြည်သူ့စစ်မှုထမ်း ပထမအသုတ်ခေါ်ဆောင်တုန်းက လူမပေးလိုက်နိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ လူပြန်စု စာရင်းကောက်ခိုင်းတာ၊ မဲနှိုက်ခိုင်းတာတွေနဲ့ လူမပေးနိုင်တဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက အတင်းအဓမ္မဝင်ဆွဲတာတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ရွာဆို ပထမအသုတ်က ရွာသားတွေ သဘောမတူလို့ လူမပေးနိုင်ဘူး။ အဲတော့ ပြီးခဲ့တဲ့အပတ်ကစပြီး မဲနှိုက်ခိုင်းတယ်။ မဲနှိုက်ရတဲ့လူတွေ အကုန်က ပေါက်ပြီးသားပဲ။ အုပ်ကြီးနဲ့ပတ်သက်တဲ့သူတွေကလွဲရင် အကုန် မဲနှိုက်ရတယ်။" လို့ ပဲခူးမြို့နယ်၊ ဘုရားကလေးရွာဒေသခံတဦးက ပြောပါတယ်။

ဘုရားကလေးကျေးရွာမှာ စစ်မှုထမ်းဖို့ လူ ၁၂၀ ကို ရွေးချယ်ထားပြီး အဲဒီလူတွေထဲကနေ မဲပေါက်တဲ့ နံပါတ်စဥ်အလိုက် စစ်မှုထမ်းလိုက်ရမယ်လို့ သိရပါတယ်။

ပဲခူးမြို့နယ်ထဲက ပျဥ်ပုံ၊ ကတုတ်၊ ဘုရားကြီး၊ ဖအောင်ကွဲအပါအဝင် ကျေးရွာအချို့မှာတော့ စစ်မှုထမ်းဖို့ လူခေါ် မရလို့ဆိုကာ စစ်ကောင်စီတပ်တွေက ဧည့်စာရင်းဝင်စစ်ပြီး လူဖမ်းပွဲလုပ်နေတာကြောင့် ဒေသခံတချို့ ညဘက် နေအိမ်တွေမှာ မအိပ်ရဲတဲ့အခြေနေထိရှိနေတယ်လို့ သိရပါတယ်။

ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအပါအဝင် ကျေးရွာအချို့မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ရွာသားတွေ ဆီက ငွေကြေးကောက်ခံပြီး စစ်မှုထမ်းဖို့ ငွေကြေးနဲ့ လူငှားရမ်းကာ အစားထိုးထည့်ပေးတာတွေလုပ်နေကြရတယ် လို့ သိရပါတယ်။

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်မှာလည်း အုပ်ချုပ်ရေးမှူးက ရပ်ကွက်ထဲရှိ လူငယ်တွေကို မဲပေါက်တယ်ဆိုပြီး လိုက်လံခေါ်ယူတာတွေ လုပ်နေတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“မလိုက်ရင် ၃ သိန်း၊ ငါးနှစ်တာဝန်ယူတယ်ဆိုပြီး ငွေညှစ်ခြိမ်းခြောက်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့မှာဆို စစ်မှုထမ်းဖို့ မဲပေါက်ပြီး လူထွက်ပြေးတဲ့နေအိမ်တွေကို စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေပေါင်းပြီး နေအိမ်တွေချိတ်ပိတ်နေလို့ နေအိမ် ၃ လုံးထက် မနည်းချိတ်ပိတ်ခံထားရတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ ပထမအသုတ်မှာ  တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကောင်စီဘက်က စစ်မှုထမ်းလူဦးရေ ၆၀၀၀ ကျော်ကို လက်ရှိမှာ စစ်သင်တန်းကျောင်းတွေမှာ စစ်သင်တန်းပေးနေတာတွေရှိနေပြီး နောက်ထပ် ဒုတိယအသုတ်ကို ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပုံစာ - နေပြည်တော်တွင် စစ်ကောင်စီခေါ်ယူထားသည့် စစ်မှုထမ်းအပတ်စဉ် ၁ တက်ရောက်ရမည့်သူများအား မတ် ၂၉ ရက်ကတွေ့ရစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #စစ်မှုထမ်းဥပဒေ #စစ်သားစုဆောင်း #ငွေကြေး #နေအိမ်ချိပ်ပိတ် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10