ပဲခူးမြေမှာ မိစ္ဆာရှင်းမယ့်ကမ်ပိန်း ထောက်ပံ့ငွေပြည့်ရန် ၄၀ ရာခိုင်နှုန်းလိုအပ်နေသေး

ပဲခူးမြေမှာ မိစ္ဆာရှင်းမယ့်ကမ်ပိန်း ထောက်ပံ့ငွေပြည့်ရန် ၄၀ ရာခိုင်နှုန်းလိုအပ်နေသေး

ပဲခူးတိုင်းအတွင်းက စစ်ကောင်စီတပ်တွေကို တိုက်စစ်အသွင်ပြောင်းပြီး စစ်ဆင်ရေးတွေဆင်နိုင်ဖို့အတွက် "မမအားနဲ့ မိစ္ဆာရှင်းဖို့ ပဲခူးမြေကို ထောက်ကူစို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ်ပိန်းတခုဖော်ဆောင်နေရာမှာ ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း ထပ်မံလိုအပ်နေသေးတယ်လို့ ပဲခူးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ကမ်ပိန်းဦးဆောင်နေသူတွေက ဆိုပါတယ်။

အဲ့ဒီကမ်ပိန်းကို ဇွန် ၁၅ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ကျပ်သိန်း ၅,၀၀၀ ရရှိရန် မျှော်မှန်းထားသော်လည်း ထောက်ပို့ငွေပြည့်မီရန် ၄၀ ရာခိုင်နှုန်းလောက် လိုအပ်နေသေးတာကြောင့် ကမ်ပိန်းကာလကို သြဂုတ် ၁၃ ရက် အထိ ထပ်မံရွှေ့ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။ 

ပဲခူတိုင်းအတွင်းက ခရိုင် ၄ ခု၊ မြို့နယ် ၂၈ မြို့နယ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တပ်ရင်းတွေအတွက် လက်နက်ကြီးနဲ့ လက်နက်ခဲယမ်းပစ္စည်းတွေ ဖြည့်ဆည်းရန်အတွက် အခုလို ကမ်ပိန်းလုပ်ရတာဖြစ်ပါတယ်။ 

ပဲခူးတိုင်းအတွင်းက NUG လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တွေက လက်နက်အင်အားမပြည့်စုံလို့ ခံစစ်နဲ့ တိုက်ခိုက်ရာမှ တိုက်စစ်အသွင်ပြောင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

ထောက်ပို့ငွေကျပ်သိန်း ၅၀၀၀ ရရှိပါက ပြည်ခရိုင်တပ်ရင်း ၃၆၀၁၊ ၃၆၀၂၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ ၃၈၀၂၊ တောင်ငူခရိုင်တပ်ရင်း ၃၅၀၁၊ ၃၅၀၂ နဲ့ ပဲခူးခရိုင်တပ်ရင်း ၃၇၀၁၊ ၃၇၀၂ စတဲ့ တပ်ရင်း ၁ ရင်းစီအတွက် နိုင်ငံခြားထုတ် ၄၀ မမ ၂ လက်၊ ပြည်တွင်းထုတ် ၄၀ မမ ၁၀ လက်စီကို ဖြည့်ဆည်း တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

"ပဲခူးတိုင်းက စစ်ရေးအရ ဗျူဟာကျတဲ့ နေရာတခုဖြစ်တယ်။ ရန်ကုန်-နေပြည်တော်-မန္တလေးကားလမ်းတွေက ပဲခူတိုင်းကို ဖြတ်သွားနေရတာဖြစ်တယ်။ ပဲခူးရိုးမအဖွဲ့ကို အားဖြည့်ပေးလိုက်ရင် စစ်ကောင်စီကို အချိန်မရွေးတိုက်လို့ရပြီ။ လက်နက်မပြည်စုံလို့ ခံစစ်နဲ့တိုက်နေရတာ။ အခုတိုက်စစ်ပြောင်းတော့မှာဖြစ်လို့ လက်နက်ကြီးလိုအပ်ချက်ကို ဖြည့်ရတာပါ " လို့သာယာဝတီခရိုင် PDF တပ်ရင်းတာဝန်ရှိသူကပြောပါတယ်။

အဲ့ဒီကမ်ပိန်းအတွက် ပါဝင်အားဖြည့်ထောက်ပံ့လိုသူတွေအနေနဲ့ ပတ္တမြားလော့ကတ်သီး၊ I Phone 14 ၊ Laptop၊ ဂစ်တာနဲ့ အခြားဆုမဲတွေပါဝင်ပြီး အထူးဆုအနေနဲ့ အမေစုပုံပါ ကျောက်စိမ်းပန်ချီကားတွေပါဝင်တယ်လို့ ဆိုပါတယ်။

"မမအားနဲ့ မိစ္ဆာရှင်းဖို့ ပဲခူးမြေကို ထောက်ကူစို့" ဆိုတဲ့ကျပ် သိန်း ၅,၀၀၀ ကမ်ပိန်း အစီအစဥ်မှာ မဲလက်မှတ် တွေကို အမေရိကန် ၁၀ ဒေါ် လာ၊ စင်ကာပူ ၁၀ ဒေါ်လာ၊ မလေးရှား ၁၅ ရင်းဂစ်၊ ထိုင်း ၁၀၀ ဘတ်၊ ကိုရီးယားငွေ ၁၀,၀၀၀ ဝမ်၊ မြန်မာငွေ ၅,၀၀၀ ကျပ်နှုန်းသတ် မှတ်ထားတယ်လို့သိရပါတယ်။

ကမ်ပိန်းအတွက် လက်မှတ်ရောင်းတာရှိသလို ဂီတဖျော်ဖြေပွဲနဲ့ ဘောလုံးပွဲတွေကိုလည်း ကိုရီးယားနိုင်ငံ၊ ချောင်းဂျူမြို့မှာ ပြုလုပ်ပြီး သြဂုတ် ၆ ရက်မှာလည်း လိုအပ်တဲ့ ငွေကြေးပမာဏပြည့်မီဖို့ ခြင်းလုံးပွဲနဲ့ ဘောလုံးပွဲတွေကိုလည်း ပြုလုပ်သွားမယ်လို့ ကိုရီးယာနိုင်ငံမှ ကမ်ပိန်းဦးဆောင်သူ ကိုမင်းမင်းက ပြောပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #မိစ္ဆာ #ကမ်ပိန်း #ထောက်ပံ့ငွေ #ကိုရီယား #လက်နက်ကြီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10