ပဲခူးမှာလေပြင်းတိုက်လို့ အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂၀ ကျော်ပျက်စီး

ပဲခူးမှာလေပြင်းတိုက်လို့ အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂၀ ကျော်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်ရာမှာ အမျိုးသမီး ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂၀ ကျော်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၂၆ ရက် ညနေ ၃ နာရီခန့်မှာ ပြင်ပုံကြီးကျေးရွာမှာ လေပြင်းတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ စာသင်ကျောင်းတကျောင်းအပါအဝင်နေအိမ် ၂၀ ကျော် အမိုးလန်ပျက်စီးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ညနေ ၅ နာရီခန့်မှာ ပဲခူးမြို့တွင်း မိုးသည်ထန်စွာရွာပြီး လေပြင်းတိုက်လို့ ဇိုင်းတောင်ရပ်ကွက်၊ ဖောင်တော်ဦးအုတ်စက်လမ်းမှာ ပိတောက်ပင်လဲကျရာမှ နေအိမ်ပေါ်ပိပြီး အသက် ၈၀ ကျော်အရွယ်  အဖွားအိုတဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

"မိုးကတော့ ရွာနေတာ သုံးလေးရက်ရှိပြီး။ မနေ့ညနေကတော့ လေတွေပါ ခပ်ကြမ်းကြမ်းပါလာတော့ အိမ်တွေအမိုးလန်တာ၊ သစ်ပင်လဲတာတွေရှိခဲ့တယ်။ သစ်ပင်လဲကျချိန် နေအိမ်ထဲရှိနေတဲ့ အဖွားကတော့ သစ်ကိုင်းတွေရိုက်မိပြီး ဒဏ်ရာရတာ" လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

သစ်ပင်လဲကျလို့ နေအိမ်ပိမိပြီး ဒဏ်ရာရသွားတဲ့ အဖွားအိုကိုတော့ ဒေသခံတွေက ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ပျဥ်ပုံကြီးကျေးရွာ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေပျက်စီးမှုကိုတော့ ဒေသခံတွေက မိမိအစီအစဥ်နဲ့ပြန်လည်ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

မေ ၂၄ ရက်က မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)ဟာ အားကောင်းလာပြီး  မုန်တိုင်းအဖြစ်ကို ရောက်ရှိကာ အဲဒီမုန်တိုင်းအရှိန်ကြောင့် အညာဒေသအပါအဝင် ပြည်နယ်နဲ့ တိုင်းအများစုမှာ မိုးသက်လေပြင်းကျပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာပြီး၊ အချို့နေရာတွေမှာ ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ် နိုင်တယ်လို့  သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်ကနေ အောက်တိုဘာလအတွင်း ပဲခူးမြို့နယ်အတွင်းမှာ မိုးသည်းထန်စွာရွာပြီး ရေကြီး​ရေလျှံမှုကြောင့် ဒေသခံပြည်သူ ၇၀၀၀၀ ကျော်ရေဘေးသင့်ခဲ့ရပြီး ကျပ်ဘီလျံချီပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း  #မိုးသည်းထန် #လေပြင်း #အမျိုးသမီး #သဘာဝဘေးအန္တရာယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10