ပဲခူးမှာ ရေကြီးရေလျှံမှု စတင်ဖြစ်ပွား၊ ဒေသခံ ၂၀၀၀ ကျော် ပြောင်းရွှေ့နေရ

ပဲခူးမှာ ရေကြီးရေလျှံမှု စတင်ဖြစ်ပွား၊ ဒေသခံ ၂၀၀၀ ကျော် ပြောင်းရွှေ့နေရ

နှစ်စဉ်နီးပါး ရေကြီးရေလျှံမှုနဲ့ ရင်ဆိုင်နေရတဲ့ ပဲခူးမြို့ဟာ ဇူလိုင် ၂၆ ရက် မနေ့ညနေပိုင်းက စတင်ကာ ပဲခူးမြစ်ရေမြင့်တက်လာတာကြောင့် ရပ်ကွက်နဲ့ကျေးရွာတချို့မှာ ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပေါ် နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပဲခူးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကျောက်ကြီးစု၊ မဇင်း၊ ကျွန်းသာယာရပ်ကွက်တွေအပါအဝင် ရပ်ကွက်နဲ့ကျေးရွာ ၂၀ နီးပါးမှာ လူနေအိမ်တွေေအတွင်း ရေဝင်ရောက်လာတာကြောင့် ဘေးလွတ်ရာနေရာတွေကို စတင်ရွှေ့ပြောင်းနေကြရပြီလို့ ဆိုပါတယ်။

"ခုအတိုင်းဆက်တက်ရင် ပဲခူးမြို့ပေါ်မှာရှိတဲ့ အခြားရပ်ကွက်တွေပါ ရေမြုပ်တော့မှာပါ။ လက်ရှိတော့ ရေမြုပ်နေတဲ့ အိမ်ထောင်စုတွေက နီးစပ်ရာရေမမြုပ်နိုင်တဲ့ အသိတွေအမျိုးတွေဆီ စရွှေ့နေပါပြီ။ နောက်ရက်ကို ရေဘေးရှောင်စခန်းတွေ စဖွင့်ဖို့ စီစဥ်နေပါပြီ” လို့ ပဲခူးမြို့ပရဟိတအသင်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ ရေဝင်ရောက်နေတဲ့ ရပ်ကွက်နဲ့ကျေးရွာတွေက ဒေသခံ ၂၀၀၀ နီးပါးပြောင်းရွှေ့နေရပြီး ကယ်ဆယ်ရေးစခန်း မဖွင့်ထားသေးလို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

" ရေကြီးလို့ အနိမ့်ပိုင်းတွေကသူတွေက ပြောင်းနေရပြီ။ ရေဘေးကယ်ဆယ်ရေးစခန်းနေရာက သတ်မှတ်ဖွင့်ထားတာ မရှိသေးဘူး။ ကယ်ဆယ်ရေးစခန်းဖွင့်ဖို့ အစည်းအဝေးလုပ်နေတုန်းလို့ သိရတယ်။ ပြောင်းလာတဲ့သူတွေက နေစရာမရှိဖြစ်နေတယ်"လို့ ပဲခူးဒေသခံတဦးက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဖို့ ကြိုတင်ပြင်ဆင်မူတွေကို မြို့ပေါ်ပရဟိတအသင်းတွေက လုပ်နေဆောင်နေကြပြီး လတ်တလောမှာ အမြင့်ပိုင်းရပ်ကွက်ကျေးရွာတွေကလမ်းတွေနဲ့ ကုန်းမြင့်ပေါ်တွေမှာ ပြောင်းရွှေ့နေရပြီး အရေးပေါ်သောက်ရေနဲ့ စားသောက်စရာတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၆ ရက် ညနေ ၆ နာရီ ၃၀ မိနစ် မိုးဇလဌာနထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာထက်ကျော်လွန်ပြီး ၈၈၄ စင်တီမီတာထိရောက်ပြီးနောက် ဒီကနေ့မနက် ၆ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ ၉၂၀ စင်တီမီတာအထိ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

ပဲခူးမှာ မိုးအဆက်မပြတ်ရွာသွန်းနေသလို ပဲခူးမြစ်ရေကလည်း ဆက်တက်နေတာကြောင့် ရေဘေးသင့်ပြည်သူတွေ ပိုမိုများပြားလာနိုင်ပြီး ရေဝင်ကျေးရွာရပ်ကွက်တွေလည်း ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။

ယမန်နှစ် ၂၀၂၃ အတွင်း ပဲခူးမြို့နယ်မှာ ရေကြီးမှု ၃ ကြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံးအကြိမ် အောက်တိုဘာလအတွင်းရေကြီးမှုမှာ နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင်ဆိုးရွားခဲ့ကာ ဒေသခံတသိန်းခွဲကျော် ရေဘေးသင့်ခဲ့ပြီး ရက်ရှည်ရေကြီးခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုလည်းများခဲ့တယ်လို့ သိရပါတယ်။

ပုံစာ -  ဇူလိုင် ၂၆ ရက်နှင့် ၂၇ ရက် ပဲခူးမြို့ပေါ်ရပ်ကွက်တချို့ ရေကြီးရေလျှံနေမှုနှင့် ပြောင်းရွှေ့နေရမှု မြင်ကွင်းများ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ 

#ပဲခူး #ရေကြီးမှု #သဘာဝဘေး #ပဲခူးမြစ် #စိုးရိမ်ရေမှတ်ကျော်လွန် #ရေဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10