ပဲခူးရိုးမကို စစ်ကောင်စီဘက်က အင်အား ၁၀၀၀ ခန့်နဲ့ စစ်ကြောင်းထိုး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေ

ပဲခူးရိုးမကို စစ်ကောင်စီဘက်က အင်အား ၁၀၀၀ ခန့်နဲ့ စစ်ကြောင်းထိုး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးရိုးမအတွင်းကို စစ်ကောင်စီဘက်က စစ်အင်အားတွေထပ်ဖြည့်ပြီး အင်အား ၁၀၀၀ လောက်နဲ့စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

"သူတို့က ပဲခူးရိုးမကို အကြီးအကျယ် စစ်ကြောင်းထိုးနေတယ်။ စစ်ကြောင်း ၃ ကြောင်းလောက်နဲ့ ရိုးမနားမှာရှိနေတဲ့ သူတို့တပ်တွေကို အင်အားဖြည့်နေတာတွေလည်း ရှိတယ်။ သူတို့က ပဲခူးအနောက်ခြမ်း ရိုးမတကြောလုံးကို စစ်ကြောင်းထိုးမယ့် လက္ခဏာ ရှိနေတယ်။ စကစ ဘက်က စစ်ကြောင်းထိုးလာနေတော့ မြေပြင်မှာက နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်နေနိုင်တယ်" လို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ယမန်နေ့ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြေလတ်အသံကို ပြောပါတယ်။

ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင် ၁၆၁ နားမှာ စစ်ကောင်စီဗိုလ်မှူးနဲ့တပ်ကြပ်ကြီး ပေါင်း ၂ ဦးတို့ကို PDF တွေ ဘက်က ပစ်ခတ်ရှင်းလင်းပြီးနောက် ဇန်နဝါရီလ ၂၅ ရက်ခန့်က စတင်ကာ စစ်ကောင်စီဘက်က ရန်ကုန်၊ ပဲခူးဘက်က တပ်တွေ အသုံးပြုပြီး စစ်ကြောင်းထိုးလာနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေအနေနဲ့ သတိကြီးကြီးထား နေထိုင်သင့်ပြီး စစ်ကောင်စီတပ်အရွေ့အလှုပ်တွေကို ကြည့်ကာ ရှောင်ရှားနေထိုင်သင့်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးချိန်မှာ ​ခြေလျင်၊ ယာဥ်အပါအဝင် ရေလမ်းကြောင်းတွေကိုပါ သွားလာနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးချိန်ကစပြီး ဖေဖေါ်ဝါရီလ ၁ ရက်နေ့ထိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ၄ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ထားပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ပဲခူးရိုးမတောင်ခြေနေရာတွေမှာ အင်အားဖြည့်တပ်စွဲထားပြီး တောင်ပေါ်တက် တိုက်ပွဲဖော်ဆောင်တာမျိုးမလုပ်သေးဘဲ ပိတ်ဆို့ထားကာ PDF တွေ အခက်ခဲဖြစ်အောင် ဖြတ်လေးဖြတ်လုပ်နေတယ်လို့ ဆိုပါတယ်။

ပုံစာ - စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတခုကို တွေ့ရစဉ် (ပုံဟောင်း)

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10