ပဲခူးရေကြီးမှုမှာ မိုးစပါးဧက သောင်းချီပျက်စီးပြီး စပါးပြန်မစိုက်နိုင်မှာကို တောင်သူတွေစိုးရိမ်

ပဲခူးရေကြီးမှုမှာ မိုးစပါးဧက သောင်းချီပျက်စီးပြီး စပါးပြန်မစိုက်နိုင်မှာကို တောင်သူတွေစိုးရိမ်

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုတွေကြောင့် မိုးစပါးစိုက်ခင်းဧက ၃ သောင်းကျော် ပျက်စီးနိုင်ပြီး ရေပြန်ကျသွားရင်လည်း စပါးပြန်မစိုက်နိုင်မှာကို စိုးရိမ်နေကြတယ်လို့ ပဲခူးမြို့နယ်ရှိ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

ရေကြီးရေလျှံတာနဲ့ စပါးပင်တွေရေနစ်မြုပ်တာ ရက်ရှည်လာတာကြောင့် စိုက်ပျိုးပြီးသား စပါးခင်းတွေ အားလုံးပျက်စီးသွားပြီး ဆုံးရှုံးမှုတွေများခဲ့တယ်လို့ ပဲခူးဒေသခံတောင်သူတဦးက ပြောပါတယ်။ 

"ဒီနှစ် ဧက နှစ်ဆယ် စိုက်ထားတယ်။ ရေက အခုထိလယ်ကွက်တွေမှာ ပြန်မကျသေးဘူး။ စပါးပင် ထိပ်ဖျားတွေတောင်မပေါ်သေးဘူး။ အပင်တွေလည်း ခါးကျိုး၊ အရွက်တွေလည်းဝါကျင်၊ ပုတ်ပြီး အကုန်သေကုန်ပြီ။ ကုန်ကျထားတာ ဘာတခုမှပြန်ရမယ့်ပုံမပေါ်တော့ဘူး။ ဆုံးရှုံးမှုများတော့ ထပ်မစိုက်နိုင်တော့ဘူး"လို့ သူက ပြောပါတယ်။ 

ထပ်စိုက်ပျိုးနိုင်မယ့် မျိုးစပါးအပြင် ထည့်သွင့်အသုံးပြုရမယ့် မြေဩဇာ၊ စက်သုံးဆီ၊ လုပ်အားခစတဲ့ ကုန်ကျစရိတ်တွေ ထပ်ပြီးမထည့်နိုင်တော့တာကြောင့် ဒီနှစ်အတွက် ရပ်နားထားရတော့မယ်လို့လည်း ဆိုပါတယ်။

ထပ်စိုက်ပျိုးရင်လည်း ကုန်ကျစရိတ်အတွက် အကြွေးထပ်တင်ပြီး ရေကြီးမယ့်အခြေအနေကလည်း ထပ်ရှိနေသေးတာကြောင့် အပျက်အစီး၊ ဆုံးရှုံးမှုတွေနဲ့သာ ရင်ဆိုင်ရမယ့် အခြေအနေရှိနေတယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

မိုးစပါးစိုက်တောင်သူတွေ ထိခိုက်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီး ဩဂုတ်လ ၆ ရက်အထိ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေဘက်က ပျက်စီးဆုံးရှုံးစာရင်းလာမကောက်သေးသလို ကူညီမယ့်သူတွေလည်း မလာဘူးလို့ ဆိုပါတယ်။

ပဲခူးမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့တဲ့ ဇိုင်းကြီး၊ မုက္ကလ၊ အောင်ချမ်းသာရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးက မိုးစပါးစိုက်ခင်းဧက ၃၀၀၀၀ ကျော်လောက်ပျက်စီးနိုင်တယ်လို့ တောင်သူတွေဘက်က ခန့်မှန်းထားကာ စစ်ကောင်စီလက်အောက်ခံ လယ်ယာမြေနဲ့စာရင်းအင်း ဦးစီးဌာနဘက်ကတော့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ 

ပဲခူးမြို့ပေါ်နဲ့ ကျေးရွာတွေကို ဇူလိုင်လ ၂၆ ရက်လောက်က စတင်ဝင်ရောက်လာတဲ့ ပဲခူးမြစ်ရေဟာ ဩဂုတ်လ ၆ ရက်မနက် ၆ နာရီခွဲ အချိန်ထိ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ အထက်မှာ ဆက်လက်တည်ရှိနေသေးတယ်လို့ မိုးဇလရဲ့တိုင်းထွာချက်အရ သိရပါတယ်။ 

၂၀၂၃ ခုနှစ်အတွင်းကလည်း ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်ထက် ၃ ကြိမ်မြင့်တက်ခဲ့လို့ မိုးစပါးစိုက် တောင်သူတွေ ၃ ကြိမ် ပျက်စီးတာကြုံခဲ့ရပြီး နောက်ဆုံးအကြိမ် အောက်တိုဘာလ ရေကြီးချိန်မှာ အပျက်အစီးများကြလို့ မျိုးစပါးတောင်ပြန်မရကြဘူးလို့ သိရပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ရေကြီးမှုမှာ မိုးစပါးစိုက်ဧက ၃၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး အကူအညီ ထောက်ပံမှုတွေလည်းအများစုကမရကြဘူးလို့ ပဲခူးဒေသခံတောင်သူတွေဆီက သိရပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မိုးစပါး #စိုက်ဧက #ပျက်စီး #သဘာဝဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10