ပဲခူးရေကြီးမှု ကလေးငယ်တဦး ရေထဲမျောပါသေဆုံး၊ သေဆုံးသူ ၃ ဦးအထိရှိလာ

ပဲခူးရေကြီးမှု ကလေးငယ်တဦး ရေထဲမျောပါသေဆုံး၊ သေဆုံးသူ ၃ ဦးအထိရှိလာ

ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ရှင်စောပုလမ်း ကျောက်တွင်းကုန်းပန်းခြံအနီးမှာ ကလေးငယ် ၁ ဦးရေနစ်သေဆုံးခဲ့ရာ ရေကြီးမှုမှာ ကလေးငယ် ၁ ဦးအပါအဝင် သေဆုံးသူ ၃ ဦးထိရှိလာတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီခန့်မှာ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် ၂၆ လမ်းနေ မောင်မင်းထက်နိုင် (၈)နှစ်၊ မောင်စန်းလင်းအောင်(၈)နှစ်နဲ့ မအေးဆုနွယ်(၁၇)နှစ်တို့ဟာ ကျောက်ကြီးစုရပ်ကွက်ဘက်မှာ ရေကစားပြီး ကျောက်တွင်းကုန်းပန်းခြံဘေး ပလက်ဖောင်းအတိုင်း လမ်းလျှောက်လာစဉ် မောင်မင်းထက်နိုင်မှာ ရေနုတ်မြောင်းအတွင်းကို ပြုတ်ကျသွားခဲ့ရာမှ ရေစီးနဲ့မျောပါသွားတယ်လို့ ဆိုပါတယ်။

ရေစီးနဲ့ရေနုတ်မြောင်းအတွင်း မျောပါသွားတဲ့ကလေးငယ်ကို လူမှုကူညီရေးအသင်းတွေနဲ့ဒေသခံတွေက ဝိုင်းဝန်း ရှာဖွေကြရာ ညနေ ၆ နာရီကျော်မှ ရေနုတ်မြောင်းအတွင်းမှာပင် သေဆုံးလျက်ပြန်ဆယ်ယူရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီး၊ရေလျှံမှုတွေဖြစ်ပေါ်နေတဲ့ ဇူလိုင် ၃၀ ရက် မနေ့မနက်ပိုင်းမှာပဲ ပဲခူးမြို့၊ အမှတ်(၁) ကျောင်းရှေ့၊ ရွှေမော်ဓောဘုရားလမ်းပေါ်မှာ စက်ဘီးစီးလာတဲ့ လူငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက် ညနေပိုင်းကလည်း ပဲခူးမြို့၊ နိုင်းဂနိုင်တောင်ရပ်ကွက် ကျောင်းသစ်ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းမှာ အမျိုးသား ၁ ဦးရေနစ်သေဆုံးသွားခဲ့တာကြောင့် ၂ ရက်အတွင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၃ ဦးအထိရှိလာတယ်လို့ သိရပါတယ်။

ပဲခူးမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်၊ ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံ ၃၀,၀၀၀ ခန့် ရေဘေးရှောင်နေရပြီး လက်ရှိအထိကယ်ဆယ်ရေးစခန်း ၂၇ ခုထိ ဖွင့်လှစ်ထားရတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ ။

#မြေလတ်အသံ

#ပဲခူးတိုင်း #ရှင်စောပုရပ်ကွက် #ကျောက်တွင်းကုန်းပန်းခြံ #ကလေးငယ် #ရေကြီး⁩ #သဘာဝဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10