ပဲခူးရေကြီးမှု အိမ်ခေါင်မိုးအထိနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူ သောင်းချီအထိမြင့်တက်

ပဲခူးရေကြီးမှု အိမ်ခေါင်မိုးအထိနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူ သောင်းချီအထိမြင့်တက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းမှာ ရေကြီးနစ်မြုပ်နေတာကြောင့် လူဦးရေ ၂၅၀၀၀ ကျော် ရေဘေးသင့်နေပြီး ကယ်ဆယ်ရေးစခန်း ၂၇ ခုထိဖွင့်ထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေတက်လာလို့ ဇူလိုင် ၂၆ ရက်မှစတင်ကာ ပဲခူးမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ကျွန်းသာယာ၊ မြို့သစ်၊ ကျောက်ကြီးစု၊ ပြင်စီ၊ ရွာသစ်၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ကလျာဏီ ရပ်ကွက်တွေအပါအဝင် ကျေးရွာ၊ ရပ်ကွက် ၃၀ ခန့်မှာ ရေဝင်နစ်မြုပ်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ရေကြီးနေလို့ ပဲခူးအနိမ့်ပိုင်းရပ်ကွက်တွေမှာ နေအိမ်တချို့ ခေါင်မိုးထိနစ်မြှုပ်နေတာတွေဖြစ်နေတယ်လို့ သိရပါတယ်။ 

"မိုးကလည်း ရွာတုန်းဆိုတော့ ရေကထပ်တက်နိုင်တယ်။ မနေ့မနက်က ကယ်ဆယ်ရေးစခန်း ၁၇ ခုဖွင့်ထား တယ်။ ညနေမှာ ၁၀ ခု ထပ်ဖွင့်လိုက်ရတယ်" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကယ်ဆယ်ရေးစခန်းတွေမှာရောက်ရှိနေတဲ့ ရေဘေးသင့်ပြည်သူတွေကို စစ်ကောင်စီအဖွဲ့တွေနဲ့ အလှူရှင်တချို့က ထမင်းထုပ်၊ ရေသန့်စတာတွေကို ဝေငှနေပေမယ့် လူဦးရေများတာကြောင့် လိုအပ်ချက်တွေရှိနေတုန်းလို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးမြို့တွင်းလမ်းတွေမှာ ရေကျော်နေလို့ ကားလမ်းတွေပိတ်ထားပြီး မြို့ရှောင်လမ်းတခုတည်းကသာ ခရီးသွားကားတွေ သွားလာလို့ရနေသေးတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ ၈၈၀ စင်တီမီတာရှိပေမယ့် ဇူလိုင် ၂၈ ရက် မနက် ၆ နာရီ ၃၀ အချိန် မိုးဇလရဲ့ တိုင်းတာချက်အရ ၉၉၆ စင်တီမီတာထိရောက်ရှိနေတာဖြစ်ပါတယ်။

၂၀၂၃ ကလည်း ပဲခူးမြို့နယ်အတွင်းမှာ ရေကြီးမှု ၃ ကြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံးရေကြီးတဲ့ အောက်တိုဘာလ အတွင်းမှာ နှစ်ပေါင်း ၆၀ အတွင်း ရေကြီးမှုစံချိန်တင်ခဲ့ကာ ဒေသခံတစ်သိန်းခွဲကျော် ရေဘေးသင့်ခဲ့ပြီး ရေကြီးတာရက်ရှည်လို့ ပျက်စီးဆုံးရှုံးမှုလည်းများခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ရေကြီး #ရေဘေး #ကယ်ဆယ်ရေးစခန်း  #ပြင်စီ  #ဇိုင်းဂနိုင်း  #ကလျာဏီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10