ပဲခူးရေဘေးသင့်ပြည်သူတွေ သောက်သုံးရေ လိုအပ်ချက်မြင့်မားနေ

ပဲခူးရေဘေးသင့်ပြည်သူတွေ သောက်သုံးရေ လိုအပ်ချက်မြင့်မားနေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းမှာ ရေကြီးနစ်မြုပ်နေတာ ရက်ရှည်လာတဲ့အတွက် ရေဘေးသင့်ပြည်သူတွေ သောက်သုံးရေလိုအပ်ချက်မြင့်နေတယ်လို့ သိရပါတယ်။

ရေကြီးရေလျှံလို့ ပဲခူးမြို့ပေါ် ရပ်ကွက်တွေက ရေတွင်းရေကန်တွေပါ ရေနစ်မြုပ်သွားတဲ့အပြင် လျှပ်စစ်မီးဖြတ်တောက်ခံထားရလို့ ရေတင်မရတဲ့အခက်ခဲတွေကြောင့် ပဲခူးမြို့ခံတွေဟာ သောက်သုံးရေလိုအပ်ချက် မြင့်မားနေတာဖြစ်တယ်လို့ သိရပါတယ်။ 

" ရေကြီးနေပေမယ့် မပြောင်းဘဲ နေအိမ်မှာ နေနေတဲ့သူတွေအတွက် (သောက်သုံးရေ) ပိုလိုနေတယ်။ သူတို့ အတွက်ကျတော့လည်း ကူညီရေးအဖွဲ့တွေဘက်က ခဏခဏ မရောက်တာလည်းပါတယ်။" လို့ ရေဘေးကူညီရေးတွေ လိုက်လံဆောင်ရွက်ပေးနေတဲ့ ပဲခူးမြို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

သောက်သုံးရေ အလွယ်တကူမရတာကြောင့် ဒေသခံတွေမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဘက်ပေးတဲ့ သောက်ရေတွေကို ချွေတာသောက်သုံးနေရသလို မိုးရေခံပြီး ကြိုချက်သောက်နေရတာတွေရှိနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရေကြီးရေလျှံမှုတွေရှိနေတဲ့ ကျွန်းသာယာ၊ ဇိုင်းဂနိုင်မြောက်ရပ်ကွက်တွေအပါအဝင် ရပ်ကွက် ၅ ခုထက်မနည်းမှာ လျှပ်စစ်မီးပြတ်တောက်နေတာ တပတ်ကျော်ခန့်ရှိနေပြီလို့ သိရပါတယ်။

ဩဂုတ် ၃ ရက် မနက် ၆ နာရီခွဲမှာ မိုးဇလရဲ့ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ အထက်မှာ ဆက်ရှိနေသေးတာကြောင့် ရေပြန်မကျသေးဘဲရှိနေရာ ရေဘေးသင့်ပြည်သူတွေ နေအိမ်ပြန်နိုင်ကြသေးပါဘူး။

မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေတက်လာလို့ ဇူလိုင် ၂၆ ရက်မှစတင်ကာ ပဲခူးမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ကျွန်းသာယာ၊ မြို့သစ်၊ ကျောက်ကြီးစု၊ ပြင်စီ၊ ရွာသစ် ၊ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ကလျာဏီ ရပ်ကွက်တွေအပါအဝင် ကျေးရွာ၊ ရပ်ကွက် ၃၀ ခန့်မှာ ရေဝင်နစ်မြုပ်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပေါ်နေလို့ ပဲခူးမြို့ပေါ်နဲ့ ကျေးရွာအချို့မှာ ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၂၇ ခုထိ ဆက်ဖွင့်ထားရပြီး ရေဘေးသင့်ပြည်သူကလည်း ၃၀,၀၀၀ ဝန်းကျင်ခန့်ထိ ရှိနေပါသေးတယ်။

ပဲခူးမြို့တွင်းလမ်းတွေမှာ ရေကျော်နေသေးတာကြောင့် မြို့တွင်းလမ်းကနေ ကားတွေဖြတ်သန်းသွားလာလို့ အဆင်မပြေသေးဘဲ  မြို့ရှောင်လမ်းကနေသာ သွားလာနေကြရပါသေးတယ်။

၂၀၂၃ ကလည်း ပဲခူးမြို့နယ်အတွင်းမှာ ရေကြီးမှု ၃ ကြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံးရေကြီးတဲ့ အောက်တိုဘာလ အတွင်းမှာ နှစ်ပေါင်း ၆၀ အတွင်းရေကြီးမှုစံချိန်တင်ခဲ့ကာ ဒေသခံ တသိန်းခွဲကျော်ရေဘေးသင့်ခဲ့ပြီး ရေကြီးတာရက်ရှည်လို့ ပျက်စီးဆုံးရှုံးမှုလည်း များခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ရေကြီး #ရေဘေး #သောက်သုံးရေ #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10