ပျိုးနုတ်သွားတဲ့လယ်သမားတဦးကို ကန့်ဘလူစစ်ကြောင်းက ဖမ်ဆီး

ပျိုးနုတ်သွားတဲ့လယ်သမားတဦးကို ကန့်ဘလူစစ်ကြောင်းက ဖမ်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က အသက် ၆၀ ကျော်အရွယ်လယ်သမားတဦးကို သြဂုတ် ၂၂ ရက် ဒီမနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလယ်သမားကို စစ်ကောင်စီရဲ့ ခမရ ၃၆၁ တပ်ရင်းမှ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၂၀၀ ခန့်က ကျွန်းလှမြို့နယ်ကနေ ချပ်ကြီးကျေးရွာစခန်းကို စစ်ကြောင်းထွက်လာချိန်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

"သူက ပျိုးနုတ်သွားတာကို အဖမ်းခံလိုက်ရတာ။ ကောက်စိုက်သမတွေအတွက် ပျိုးလိုတယ်ဆိုလို့ ပျိုးသွားနုတ်နေတာ” လို့ အင်းမကျေးရွာမှ အမျိုးသားတဦးကပြောပါတယ်။

အဖမ်းခံရသူမှာ အင်းမကျေးရွာနေ အသက် ၆၆ နှစ်အရွယ် ဦးမြင့်ရွှေ ဖြစ်ပြီး သူ့ကိုစစ်ကောင်စီ တပ်သားတွေက စစ်ကြောင်းသွားရာလမ်းတလျှောက်မှာ ဓားစာခံလုပ်ပြီး လမ်းပြအဖြစ် ဖမ်းခေါ်သွားတာလို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။ 

လက်ရှိအချိန်မှာတော့ ဦးမြင့်ရွှေကို ဖမ်းခေါ်သွားတဲ့စစ်ကြောင်းဟာ အင်းမကျေးရွာမြောက်ဘက်ရှိ ရှမ်းကုန်းကျေးရွာအနီးကို ရောက်ရှိသွားပြီလို့လည်း ဆိုပါတယ်။ 

အဲဒီစစ်ကြောင်းသွားရာလမ်းတလျှောက်ရှိ အင်းမ၊ ရှမ်းကုန်း၊ ဖလားရ၊ ပင့်သာ၊ ချောင်းခြား၊ ဇီးကုန်း၊ အင်ငုတ်တို စတဲ့ကျေးရွာက ဒေသခံပြည်သူတွေလည်း ရွာလုံးကျွတ်ထွက်ပြေးနေကြရပါတယ်။ 

ပြီးခဲ့တဲ့သြဂုတ် ၁၅ ရက်မှာလည်း စစ်ကောင်စီတပ်သားတွေက အင်းမကျေးရွာက အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ကိုဖမ်းဆီးခဲ့ပြီး အဲဒီထဲကအမျိုးသမီး ၃ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - ၂၀၂၄ ဇန်နဝါရီ ၂၆ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်ရောက်လာသည့် စစ်ကောင်စီနှင့် ပျူစောထီးစစ်ကြောင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10