ပျူစောထီးဖွဲ့ဖို့ စည်းရုံးရေးဆင်းတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ပျူစောထီးဖွဲ့ဖို့ စည်းရုံးရေးဆင်းတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ မြေပဒုံကျေးရွာအုပ်စု၊ ဆူးတောကျေးရွာမှာ ပျူစောထီးအဖွဲ့ ဖွဲ့ဖို့ ကျေးရွာထဲကိုစည်းရုံးရေးဆင်းလာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ အာဠာဝကပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၀ ရက်ည ၈ နာရီကျော်မှာ ကျေးရွာဘုန်းကြီးကျောင်း အုတ်တိုက်ဇရပ်မှာစုဝေးနေတဲ့ စစ်ကောင်စီနဲ့ပျူစောထီး စုစုပေါင်း ၃၀ ကျော်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ ပူးပေါင်းအဖွဲ့တွေက သူတို့ရှိတဲ့ ဘုန်းကြီးကျောင်းအုပ်စည်းရိုးနားထိ ကပ်ပစ်တာ။ လက်ပစ်ဗုံးအရင်ပစ်ပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တာ။ စကစဘက်က ထိထိရောက်ရောက်တောင် ပြန်မပစ်နိုင်ဘူး"လို့ အာဠာဝကပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကူတွေလာတာကြောင့် ပြန်ဆုတ်လာရတယ်လို့ ချောက်ပြောက်ကျားတပ်ဖွဲ့ CGF တာဝန်ခံကိုဘကွန်းက ပြောပါတယ်။ 

"စုထိုင်နေတဲ့ စကစအဖွဲ့တွေထဲက အရာရှိလို့ထင်ရတဲ့သူက ကနဦးကျည်ထိသွားတယ်။ ဝိုင်းပစ်ကြတော့ သူ့အနားကသူတွေလည်း လဲကျသွားတာတွေရှိတယ်။ ပြီးမှ ကျန်တဲ့ စကစအဖွဲ့တွေက သေနတ်ကောက်ပြန်ပစ်တာတွေရှိတယ်"လို့ ပြောပါတယ်။ 

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် အနည်းဆုံး ၇ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းများတယ်လို့ပြောပေမယ့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒီတိုက်ခိုက်မှုကို မကွေးခရိုင်ပကဖ၊ ဥဩ UG၊ ချောက်ပြောက်ကျားတပ်ဖွဲ့ CGF၊ အာဠာဝကပြောက်ကျားတပ်ဖွဲ့၊ မြိုင်ပကဖ၊ ပုဂံဗိုလ်ချို၊ YRF တပ်ရင်း ၁၂က အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းကလည်း ချောက်မြို့နယ်၊ ကတိုင်ရွာနဲ့ကံသစ်ရွာကြားမှာ ကားနဲ့လာတဲ့ စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံရပြီး ၁၀ ဦးကျော် သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ချောက် #စစ်ကောင်စီ #စည်းရုံးရေး #PDF #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10