ပျူစောထီးရွာကို လေယာဥ်နဲ့လာပို့တဲ့ ရိက္ခာတွေကို PDF သိမ်းဆည်း (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက သရက်ကွပျူစောထီးကျေးရွာကို လေယာဥ်နဲ့လာပို့တဲ့ ရိက္ခာပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။ 

သြဂုတ် ၃၀ ရက်ညနေ ၃ နာရီလောက်မှာ မိတ္တီလာလေတပ်စခန်းဘက်ကလာတဲ့ Y 12 လေယာဥ်ပေါ်ကနေ သရက်ကွရွာကို ရိက္ခာတွေချပေးနေစဥ် လာယူတဲ့ပျူစောထီးတွေနဲ့ ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ အဲ့ဒီရိက္ခာတွေကို သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။ 

“လေယာဉ် နဲ့ ၅ ခေါက်ပတ်ပြီး ချသွားတာ။ တခေါက်ကို ၆ ထုပ်ချတယ်။ သရက်ကွရွာထဲကို ချတာ။ ရွာဘေးတွေကျတဲ့ပစ္စည်းတွေ ရခဲ့တယ်။ လာကောက်တဲ့ပျုတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့သေးတယ်။ အထိခိုက်ကတော့ စုံစမ်းနေဆဲပဲ” လို့ အညာမြေပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ဆန်၊ ပဲဆန်၊ ငါးခြောက်၊ ဆေးလိပ်နဲ့ အသင့်စား ဆန်ပြုတ်ထုပ်တွေပါဝင်တဲ့ ရိက္ခာအထုပ် ၅၀ ခန့်ကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်သိမ်းဆည်းမှုတွေကို အညာမြေပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ G.O.E.Revolution Force၊ ဓားမင်းကြီးအဖွဲ့၊ ဗိုလ်လင်းမြွေအဖွဲ့နဲ့ ဗိုလ်စတီးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ 

သရက်ကွရွာက ပျုစောထီးတွေကို ဇွန် ၁၇ ရက်ကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - HP 

#မြေလတ်အသံ

#မကွေး #မြိုင် #သရက်ကွ #ရိက္ခာသိမ်းဆည်း #ပျူစောထီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10