ပျူဘုန်းကြီး ဦးဝါယမအထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကို ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး သေနတ် ၁ လက်ရ

ပျူဘုန်းကြီး ဦးဝါယမအထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကို ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး သေနတ် ၁ လက်ရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊၊ ညောင်ဂျစ်ပင်ရွာက ပျုစောထီးခေါင်းဆောင်ဘုန်းကြီး ဦးဝါယမ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ အထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။

ညောင်ဂျစ်ပင်ရွာရဲ့အရှေ့ဖျားဘက်ရှိ ဘုန်းကြီးကျောင်းအတွင်း အင်အား ၅၀ ဝန်းကျင်နဲ့ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို သြဂုတ် ၁၉ ရက် ဒီကနေ့ မနက် ၅ နာရီဝန်းကျင်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁ နာရီလောက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ ဘုန်းကြီးကိုယ်တိုင်က ပျုခေါင်းဆောင်။ ပစ်ခတ်မှုမှာ (စကစဘက်က)ကျဆုံးသွားတဲ့သူတွေ ရှိတယ်။  အရေအတွက် အတိအကျကိုတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၃ ယောက်ဒဏ်ရာရတယ် မစိုးရိမ်ရဘူး။” လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်အတိအကျကို မသိရသေးပေမယ့် တိုက်ပွဲအတွင်းသေဆုံးတဲ့ ပျူစောထီးတဦးဆီက G3 သေနတ်တလက်ကို ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် မနက် ၇ နာရီကျော်လောက်မှာတော့ နမခဘက်ကနေတက်လာတဲ့ ဂျက်တိုက်လေယာဉ်တစီး လေကြောင်းကနေပစ်ကူပေးခဲ့သလို မကျည်းကန်ဘက်ကနေလည်း ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ဂျစ်ပင်ရွာဒေသခံတွေဟာ ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေတာ ၁ နှစ်ကျော်လောက် ရှိပြီဖြစ်ကာ ဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ ပျူစောထီးနဲ့စစ်ကောင်စီတပ်သားတွေသာ အထိုင်ချနေထိုင်နေတာဖြစ်ပြီး လက်ရှိမှာလည်း လူအင်အားထပ်မံဖြည့်တင်းထားတာမျိုးတွေ လုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။

သြဂုတ် ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာလည်း မြိုင်မြို့နယ်တောင်ပိုင်းက ကိုင်းတောမရဲစခန်းနဲ့ အနောက်တောင်ပိုင်းက ဝက်ပုတ်ရွာပျူစခန်းကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

ဓါတ်ပုံ - YMB TOC - 47။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #မြိုင် #ညောင်ဂျစ်ပင်ရွာ #ပျူစခန်း #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10