ပျူအားကောင်းတဲ့ရွာကိုလာတဲ့ ထောက်ပို့စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်

ပျူအားကောင်းတဲ့ရွာကိုလာတဲ့ ထောက်ပို့စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ပျူစောထီးအားကောင်းတဲ့ မင်းရွာကို လက်နက်ခဲယမ်းနဲ့ ရိက္ခာလာပို့တဲ့ ထောက်ပို့စစ်ကြောင်းကို လှေခုတ်ရွာပြင် စည်းရိုးကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကာ အထိအခိုက်များလည်းရှိတယ်လို့ YOUNG WOLF P.D.F အဖွဲ့ရဲ့ ပြန်ကြားရေးနဲ့ ဒရုန်းတာဝန်ခံ ကိုရွှေမြေက ပြောပါတယ်။

“ကျည်လုံလောက်မှု မရှိခဲ့လို့ နောက်ပြန်ဆုတ်ရတဲ့အချိန်မှာ သူတို့ ထိခိုက်မှုရှိတဲ့ လူတွေကို သူတို့ ပြန်ဆွဲသွားတာတွေလည်း မြင်ရက်နဲ့ ဒီတိုင်းပဲ ပြန်ဆုတ်ခဲ့ရတယ်ဗျာ။ ကျနော်တို့ မျက်မြင်အနေနဲ့ကို ၅ ယောက်ဗျ” လို့ ကိုရွှေမြေက ပြောပါတယ်။

တိုက်ပွဲကို YOUNG WOLF P.D.Fအဖွဲ့အပြင် ပူးပေါင်းမဟာမိတ်များဖြစ်တဲ့ မန်းခရိုင်တပ်ရင်း ၆ ၊ ဆားတောင်မိုးကြိုးအဖွဲ့၊ ဆားတောင်မြို့ပြပျောက်ကြား SD အဖွဲ့ နဲ့ နယ်မြေခံ ပူးပေါင်းမဟာမိတ်များတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မင်းရွာဟာ စစ်ရေးအရ ရေစကြိုမြို့နယ်ရဲ့ အချက်အချာကျတဲ့နေရာမှာ ရှိပြီးတော့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကြားမှာရှိတဲ့ ပျူစောထီးအားကောင်းတဲ့ရွာ ဖြစ်ပါတယ်။

မင်းရွာကို သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်ရဲ့ တပည့် မျိုးဝင်းခိုင်(မင်းရွာ) ပျူခေါင်းဆောင် ဦးဆောင်နေတာဖြစ်ပြီး ရိက္ခာပြတ်လပ်တဲ့ အခါမျိုးမှာ စစ်ကြောင်းထိုးပြီး ပြည်သူလူထုဆီက စားဖို့ရိက္ခာတွေကို ခိုးယူတာအပြင် ဒေသခံပြည်သူတွေရဲ့ နွား၊ ကျွဲ၊ မြင်းတွေကို ဆွဲလေ့ရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးဆီက သိရပါတယ်။

“မင်းရွာဘက်ကို Drone စစ်ဆင်ရေးတွေ၊ ဘာတွေ လုပ်ဆောင်တဲ့အခါမှာ အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုး မီးလောင်တိုက်သွင်းဖို့ တပ်မ(၁၀၁)တို့၊ ခလရ ၂၅၆/၇/၈/၉ တို့ကို စစ်ကူခေါ်ပြီး အနီးနားကျေးရွာရဲ့ ပြည်သူတွေရဲ့နေအိမ်ကို မီးလောင်တိုက်ခေါ်သွင်းခိုင်းလေ့ရှိပါတယ်” ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

တော်လှန်ရေး အဖွဲ့တွေက ဒီဇင်ဘာ ၁၈ ရက်မှာ မင်းရွာကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိနာခဲ့တာကြောင့် ဒီဇင်ဘာ ၁၉ ရက်မှာ သံခွံ-စက်လှေ စစ်သင်္ဘောနဲ့ မြစ်ကြောင်းအတိုင်း ထောက်ပို့စစ်ကြောင်းလာတယ်လို့ သိရပါတယ်။

အဲ့ဒီထောက်ပို့စစ်ကြောင်းဟာ မင်းရွာမရောက်ခင် လှေခုတ်ရွာမှာ စက်လှေတွေ ကပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ နဲ့ ခြေလျင်စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။ 

ပျူခေါင်းဆောင်က သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်ရဲ့ တပည့်ဖြစ်တဲ့အတွက်ကြောင့် ပျူရွာအနေနဲ့ လက်နက်ခဲယမ်း၊ စစ်ရေးအကူအညီ လိုအပ်လာတဲ့အခါမှာ စစ်တပ်က ခေါ်တဲ့အချိန်မှာ ရောက်လာတဲ့သဘောမျိုးရှိတာမျိုးတွေ့ရတယ်လို့လည်း သိရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ချိန်မှာလည်း ရေစကြိုကနေပြီးတော့ ဟောင်ဝစ်ဇာ (Howitzer)တွေနဲ့ ပစ်ကူတာတွေရှိတယ်လို့ ပြောပါတယ်။

တပ်မ ၁၀၁ လက်အောက်ခံ ရေစကြိုအခြေစိုက် တပ်တွေက ခလရ (၂၅၆၊၂၅၇၊၂၅၈) ရေစကြို ထွေအုပ်ရုံး၊ ငြိမ်းဇာနည်(ဂိတ်)ရေစကြို၊ ဇီးတောရွာ၊ ရှင်မတောင် (ဆက်သွယ်ရေး ဗျူဟာစခန်းကုန်း) အပြင် ဂွေးချိုရွာ၊ တောင်အိုဂိတ်၊ကျောက်လှေခါးဂိတ်၊ ဆင်ချောင်းရွာ၊ ပခန်းကြီး(ရဲစခန်း)၊ ဆင်ဖြူရှင်တံတားဂိတ်ဟာ ရေကြိုမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအားကောင်းရာ နေရာတွေဖြစ်ပါတယ်။

ရေစကြိုမြို့နယ်ထဲက ပျူစောထီးအားကောင်းတဲ့ ဟင်္သာရွာ၊ ဆင်မရဲရွာ၊ ပခန်းငယ်(ရဲစခန်း)၊ မအူ(ရဲစခန်း)တို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပြီး ဖြစ်ပါသည်။

သတင်း - မြတ်သော်တာ၊ စာတည်း - JCG

#မြေလတ်အသံ

#မ‌ကွေး #ရေစကြို #ပျူ #ကာကွယ်ရေးတပ် #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10