ပြင်ဦးလွင်က ကားတန်းရှည်ကြီး စက်သုံးဆီတန်းစီနေတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

ပြင်ဦးလွင်က ကားတန်းရှည်ကြီး စက်သုံးဆီတန်းစီနေတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

ဩဂုတ်လ ၈ ရက်နေ့မနက်ပိုင်းက လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ ကားနဲ့ဆိုင်ကယ် ယာဉ်တန်းရှည်ကြီးဟာ ပြင်ဦးလွင်ကနေ စစ်ရှောင်ဖို့ မန္တလေးဘက်ကိုဆင်းလာတဲ့ ယာဉ်တန်းမဟုတ်ဘဲ စက်သုံးဆီအတွက် တန်းစီနေတဲ့ ယာဉ်တန်းဖြစ်ကြောင်း သတင်းမှားပျံ့နှံ့ခဲ့ပါတယ်။

“ ပြင်ဦးလွင်မှာအမှန်တကယ်ဖြစ်နေတာက ကားတန်းကြီးရော ဆိုင်ကယ်တန်းကြီးရော ဆီတန်းနေကြ တာပါ မန္တလေးဆင်းလာဖို့ဝေးပါ့” (မူရင်းရေးသားချက်အတိုင်း) ဟု ဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို Follower ငါးသောင်းကျော်ရှိ Waizaw Khaing အမည် Facebook Account မှ ဩဂုတ် ၈ ရက်မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ဩဂုတ် ၉ ရက် ဒီကနေ့မနက်ပိုင်းအထိ Reaction ၃၉၉ ခု၊ မှတ်ချက် ၄ ခု၊ ပြန်လည်မျှဝေသူ ၆၀ ခုရှိခဲ့တာ ဖြစ်ပါတယ်။ 

သတင်းမှားဖော်ပြမှု မူရင်းကို အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

https://archive.ph/i4zx3

အဆိုပါအကြောင်းအရာလူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို   မြေလတ်အသံမှ ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက် မှားယွင်းနေပြီး သတင်းတု၊သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက်

ဖေ့စ်ဘွတ်လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်မှန်အားစစ်ဆေးနိုင်ရန် ဒေသခံများထံဆက်သွယ်မေးမြန်းရာ အဆိုပါယာဉ်တန်းမှာ ပြင်ဦးလွင်မှဆင်း (မောင်းနှင်)လာတဲ့ ကားတွေ ရပ်တန့်စောင့်ဆိုင်းနေတဲ့ ယာဉ်တန်းရှည်ဖြစ်ပြီး အုန်းချောရွာအနီး ၁၆ မိုင်စစ်ဆေးရေးဂိတ်မှ ကားများအား တစီးချင်းစစ်ဆေးနေမှုကြောင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်ကာ ရပ်တန့်စောင့်ဆိုင်းနေရတာဖြစ်ကြောင်း ပြောပါတယ်။

“ တိုက်ပွဲသတင်းတွေကြောင့် ပြင်ဦးလွင်က ဆင်းလာတဲ့ ကားတွေပါ။ ၁၆ မိုင်မရောက်ခင် ပြင်ဦးလွင် စစတက်ချင်းနေရာ အိုးတလုံး(ဒေသအခေါ်)နားမှာ မန္တလေးအဝင် ၁၆ မိုင်ဂိတ်က စစ်နေလို့ ယာဉ်တန်းပိတ်ဆို့နေတာ။ ဒီနေ့လည်း ကားတွေဆင်းနေတာရှိတယ်။ မနေ့ကလောက်တော့မများဘူး” လို့ အုန်းချော ဒေသခံတဦးက ပြောပါတယ်။

လွတ်လပ်သော သတင်းဌာနများရဲ့ ဖော်ပြချက်များအရ ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းကြောင့် ဒေသခံအများအပြား ပြင်ဦးလွင်ကနေ  စစ်ရှောင်ထွက်ပြေး လာတာကြောင့် မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းမှာ ယာဉ်တန်းပိတ်ဆို့နေကြောင်း ဖော်ပြထားတာကို တွေရှိရပါတယ်။

လွတ်လပ်သော သတင်းဌာနများရဲ့ ဖော်ပြချက်တွေကို အောက်ပါလင့်များမှ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

မြေလတ်အသံမှ ဩဂုတ် ၈ ရက် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

Shan News မှ ဩဂုတ် ၈ ရက် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

Shwe Phee Myay News Agency မှ ဩဂုတ် ၈ ရက် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

BBC မှ ဩဂုတ် ၈ ရက် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

သတင်းအမှားဖြန့်ဝေနေတဲ့ Waizaw Khaing အကောင့်ကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများနဲ့ သတင်းမှားများကို အစဉ်တစိုက် ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တခုပါ ပြုလုပ်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

တယ်လီဂရန်ချန်နယ် - @Waizaw007

စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ စစ်ကောင်စီကို ပြည်သူလူထုထောက်ခံမှုရရှိစေရန်နဲ့ တော်လှန်ရေးတပ်ဖွဲ့များအပေါ် လူထုထောက်ခံမှု ကျဆင်းစေဖို့ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများနဲ့ သတင်းမှားများကို တင်ဆက်ပြီး လုပ်ကြံဖန်တီးကြလေ့ရှိပါတယ်။ အခုဖြစ်စဉ်မှာဆိုရင်လည်း စစ်ရှုံးနေတဲ့အခြေအနေနဲ့ နယ်မြေစိုးမိုးမှု မရရှိဘဲ စစ်တပ်အသိုင်းအဝိုင်းကပါ ကြောက်လန့်ထွက်ပြေး စစ်ရှောင်နေရခြင်းကို ဖုံးကွယ်ပြီး ၎င်းတို့အပေါ် လူထုယုံကြည်မှုရစေရန် လုပ်ကြံဖန်တီးထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သတင်းတွေကိုတွေ့ရင် အလွယ်တကူ မယုံကြည်သင့်ဘဲ လွတ်လပ်သောသတင်းဌာနများရဲ့ သတင်းဖော်ပြချက်များနဲ့ နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #အချက်အလက်စိစစ် #ပြင်ဦးလွင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10