သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊အောင်လံမြို့နယ်နဲ့ ပဲခူးတိုင်း၊ ပြည်မြို့နယ်အစပ် ဝက်ထီးကန်မြို့၊ ကံကြီးကုန်းကျေးရွာအုပ်စု၊ ဝိုင်းချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ဩဂုတ် ၂၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၀၀ ကျော်ပါတဲ့ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှစတင်ပြီး နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
" စကစကား တက်လာတာကို မိုင်းဆွဲပြီး ချောင်းပစ်တာ။ စကစဘက်ကလည်း အင်အားများတော့ သူ့ဘက် ကိုယ့်ဘက် ထိကုန်တာ။ အကျဆုံးတွေလည်း ရှိတယ်။” လို့ ပြည်ခရိုင်တော်လှန်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ဝက်ထီးကန်နယ် ဒေသခံတဦးကတော့ အဆိုပါတိုက်ပွဲမှာ နေ့လယ် ၂ နာရီကနေ ညနေ ၆ နာရီခန့်အထိ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ စစ်ကောင်စီတပ်က စစ်ကား ၁၀ စီးခန့်နဲ့ စစ်ကူရောက်ရှိလာတယ်လို့ ဆိုပါတယ်။
“ အောင်လံ နဲ့ ပြည်ခရိုင် ဝက်ထီးကန်နဲ့ အစပ်နေရာ စကားတောင်ကြောအဆက်အစပ်မှာ ပထမဆုံး တိုက်ပွဲကြီးဖြစ်တာ။ ညဘက်ထိ တိုက်ပွဲတွေ ဆက်ဖြစ်တယ်။ သေဆုံးတာက ဝက်ထီးကန်ရဲစခန်းက သက်နိုင်စိုး လို့သိရတယ်။ ရာထူးတော့မသိရဘူး” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဆိုပါတိုက်ပွဲမှာ PDF ၃ ဦးသေဆုံး၊ ၁ ဦး ဖမ်းဆီးရမိထားကာ သေနတ် ၂ လက်သိမ်းဆည်းရမိထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးဘဲ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်တာမျိုးမရှိသေးသလို မြေလတ်အသံအနေနဲ့ ဆက်လက်စုံစမ်းနေပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်စစ်ကြောင်းက အင်အားထပ်မံဖြည့်တင်းကာ ဝိုင်းချောင်းရွာနဲ့ ကံကြီးကုန်းရွာဝန်းကျင်ကို တောနင်းရှာဖွေတာတွေလုပ်ဆောင်နေလို့ ဒေသတွင်းစစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ဝက်ထီးကန်မြို့ဟာ ပြည်မြို့နယ်အတွင်းတည်ရှိတာဖြစ်ပြီး ပြည်မြို့မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အခြေစိုက်ထားသလို ပြည်မြို့တဖက်ကမ်း ပန်းတောင်နယ်ထဲမှာလည်း ကပစစက်ရုံအများအပြားတည်ရှိကာ ဝက်ထီးကန်မြို့မှာလည်း ရဲလေ့ကျင့်ရေးသင်တန်းကျောင်းတခု အခြေစိုက်ထားတာလည်းဖြစ်ပါတယ်။
ပုံစာ - ပြည်ခရိုင် ၃၆၀၂ တပ်ရင်း PDF ရဲဘော်များ စစ်ကြောင်းထွက်စဉ် (ပုံဟောင်း)။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #အောင်လံ #ပြည် #တိုက်ပွဲ #စစ်ရေးတင်းမာ
Share Share Share