ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ပုဒ်မ ၆ ခုနဲ့ ထောင်ဒဏ်၁၉ နှစ်ချခံရ

ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ပုဒ်မ ၆ ခုနဲ့ ထောင်ဒဏ်၁၉ နှစ်ချခံရ

ပဲခူးတိုင်း ပြည်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို စစ်ကောင်စီက ဒီဇင်ဘာ ၁၂ ရက် မနေ့က ပုဒ်မ ၆ ခုနဲ့ ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခဲ့တယ်လို့မိသားစုဆီက သိရပါတယ်။

NLD အမတ် ဦးကျော်ဇေယျကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်မှာဖမ်းဆီးလိုက်ပြီး ရေကြည်အိုင် စစ်ကြောရေးမှာ ၁၀ ရက် ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဇူလိုင် ၂၉ ရက်မှာ ပြည်မြို့ ဒကစကို ပို့ကာ သြဂုတ် ၈ ရက်မှာတော့ပြည်ထောင်ကိုရောက်ရှိခဲ့ပါတယ်။

ဖမ်းဆီးခဲ့ပြီးတဲ့နောက် စစ်ကောင်စီက ဦးကျော်ဇေယျကို ပုဒ်မ ၆ ခုဖြစ်တဲ့ အကြမ်းဖက်မှု ၊ ရွေးကောက်ပွဲ ၊ ၅၀၅(က) ၂ ခါ ၊ ယစ်မျိုး ၊ ဘေးစီမံ စတဲ့ပစ်မှုတွေနဲ့ ဖမ်းဆီးထားပြီ ၆ လအကြာမှာ အမိန့်ချခဲ့တယ်လို့လည်းဆိုပါတယ်။

“ရေကြည်အိုင်စစ်ကြောရေးမှာ စုတ်ပြတ်သတ်နေအောင်ရိုက်တာ လူရုပ်တောင်မပေါ်ဘူး။ဖမ်းဆီးခံရတဲ့ ၆လလုံး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးပါဘူး။ စာတောင်ပေးလို့မရဘူးအခုလိုအမိန့်ချခံရတာတော့ခံပြင်းတာပေါ့။ မတရားအမိန့်တွေ သူတို့ချချင်သလိုချနေတာ မတရားမှန်းသိပေမဲ့လည်း အခုချိန်တော့ ကိုယ့်လူနေကောင်းကျန်းမာဖို့ဘဲအရေးကြီးတယ်ကိုယ့်ထက်တောင်ပေးဆပ်ထားရသူတွေတပုံကြီးရှိသေးတာပဲ ”လို့ ဦးကျော်ဇေယျရဲ့အမျိုးသမီးက မြေလတ်အသံကို ပြောပါတယ်။

ပြည်ထောင်တွင်းတရားရုံးမှာ ဦးကျော်ဇေယျကို ထောင်ဒဏ် (၁၉) နှစ်ချမှတ်တာကိုမိသားစုဝင်တွေက ကိုယ်တိုင်သွားပြီး ကြားနာရခြင်းမျိုးမဟုတ်ပဲ တဆင့်ပြောစကားကသာသိရှိရတယ်လို့ ဆိုပါတယ်။

ဦးကျော်ဇေယျဟာ ၂၀၁၅ ကနေ ၂၀၂၀ အထိရွေးကောက်ပွဲမှာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ကာ လက်ရှိပြည်မြို့မှာ နိုင်ငံရေးမှုနဲ့ ဖမ်းခံထားရသူ ၅၀ဦးထက်မနည်းရှိနေပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10