ပြည်မြို့နယ်မှာ ထွက်ပြေးတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီး

ပြည်မြို့နယ်မှာ ထွက်ပြေးတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့နယ်၊ ထမ္မကောက်ကျေးရွာအုပ်စု၊ တီတွဒ်စံပြကျေးရွာ၊ အောင်လံ-ပြည်ကားလမ်းဘေး ရေနံမြေအနီးမှာ စစ်မှုထမ်းဥပေဒနဲ့ စုဆောင်းလာတဲ့ တပ်သားသစ် ၃ ဦးဟာ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၈ ရက် ဒီနေ့မနက် ၆ နာရီခန့်က ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး တီတွဒ်တာဆုံနဲ့ မိုင်ဝက်ခန့်အကွာ ရေနံမြေအနီးမှာ ၂ ဦးနဲ့ တီတွဒ်တာဆုံ လယ်ကွင်းအနီးမှာ ၁ ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။

"တီတွဒ်မြောက်ဘက် ရေနံမြေမှာ ကနဦး တဦးကိုမမိခင် နှစ်ယောက်မိထားတယ်လို့ သိရတယ်။ ကျနော်တို့သိရသလောက်ကတော့ တောင်တွင်းကြီးကနေ စစ်မှုထမ်းတပ်သားသစ် စစ်သင်တန်းပေးဖို့ ခေါ်လာတာမှာ ဆင်းပြေးတာလို့ သိရတယ်။" လို့ မြို့ခံအမျိုးသားတဦးကပြောပါတယ်။

ထွက်ပြေးစဉ်မှာ သေနတ်နဲ့ပစ်ခတ်လို့ ၂ ဦးမှာ မပြေးတော့ဘဲ အဖမ်းခံခဲ့ပြီး ၁ ဦးကတော့ ထွက်ပြေးလို့ လိုက်လံပစ်ခတ်ဖမ်းဆီးတာမှာ မိသွားတာလို့ သူကဆက်ပြောပါတယ်။ 

ပစ်ခတ်မှုဖြစ်စဉ်မှာ ထွက်ပြေးသူတွေကို ထိမှန်တာရှိမရှိကိုတော့ မသိရဘဲ ဖမ်းဆီးရမိတာကိုတော့ မြင်တွေ့ခဲ့ရတာဖြစ်ပြီး အဲ့ဒီနားဝန်းကျင်ကိုလည်း စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပေဒအရ တပ်သားသစ်များအခြေခံစစ်သင်တန်း အပတ်စဉ်(၅) ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်က ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။

လာမယ့် စစ်သင်တန်းအပတ်စဉ် (၆) ကိုလည်း မကြာခင်မှာ ဖွင့်လှစ်တော့မှာဖြစ်လို့ စစ်ကောင်စီထိန်းချုပ်ထားရာနယ်မြေတွေမှာ တပ်သားသစ်စုဆောင်းမှုတွေကို နည်းမျိုးစုံနဲ့ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ပုံစာ - အုတ်တွင်း၊ တတက ၆ တွင် အပတ်စဉ် ၅ စစ်သင်တန်းတက်ရောက်ရန် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသည့် တပ်သားသစ်များ။

#မြေလတ်အသံ

#ပဲခူး #ပြည် #စစ်ကောင်စီ #ပစ်ခတ်ဖမ်းဆီး #တပ်သားသစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10