ပြည်မြို့မှာ ယာဥ် ၃ စီးတိုက်မှုဖြစ်ပြီး ၂ ဦးသေ ၇ ဦးဒဏ်ရာရ

ပြည်မြို့မှာ ယာဥ် ၃ စီးတိုက်မှုဖြစ်ပြီး ၂ ဦးသေ ၇ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆင်စုရပ်ကွက်၊ နဝဒေးလမ်းဆုံမှာ ယာဥ် ၃ စီးတိုက်မှုဖြစ်ပြီး ၂ ဦးသေ ၇ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၂၆ ရက် ညနေ ၅ နာရီကျော်ခန့်မှာ နဝဒေးလမ်းဘက်ကနေ ဦးကျော်ကျော်မောင်းနှင်လာတဲ့ အိမ်စီးကားဟာ လမ်းဆုံအနားအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့ကသွားနေတဲ့ သုံးဘီးယာဥ်နှစ်စီးကို ဝင်တိုက်ခဲ့ပြီး လမ်းဘေးမှာ စျေးရောင်းနေတဲ့ မုန်လက်ဆောင်းဆိုင်ကိုပါ ထပ်တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

"အရှိန်များပြီးဝင်တိုက်တာလို့ သိရတယ်။ သုံးဘီးပေါ်ပါသူတွေရော စျေးရောင်း၊ စျေးဝယ်နေသူတွေရော ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် မုန့်လက်ဆောင်းရောင်းနေသူ အသက်၆၇ နှစ်အရွယ် ဒေါ်နွဲ့နဲ့ မုန့်ဝယ်နေသူ ဒေါ်အေးသန်း ၆၀ နှစ်တို့မှာ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယာဥ်မောင်း ဦးကျော်ကျော်၊ သုံးဘီးယာဥ်မောင်း အမျိုးသား ၂ ဦး၊ သုံးဘီးယာဥ်ပေါ်ပါ အမျိုးသမီး ၁ ဦးနဲ့ကလေး ၂ ဦး၊ မုန့်လက်ဆောင်းရောင်းနေတဲ့ ကလေးငယ် ၁ ဦး စုစုပေါင်း ၇ ဦးမစိုးရိမ်ရထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက ပြည်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ဆိုပါတယ်။

အိမ်စီးကားယာဥ်မောင်း ဦးကျော်ကျော်ကို ပြည်မြို့မရဲစခန်းက အမှုဖွင့်ထားပြီး ယာဥ်မောင်းကိုယ်တိုင်ဒဏ်ရာရထားတာကြောင့် ဆေးကုသမှုခံယူနေရပါတယ်။

မတ် ၁၈ ရက်ကလည်း ပြည်မြို့နယ်၊ ဆင်မကြပ်လမ်းဆုံအနီး ပြည်-ရန်ကုန်ကားလမ်းမှာ သံဃာတော်မောင်းလာတဲ့ကား တိမ်းမှောက်လို့ သံဃာ ၁ ပါး ပျံလွန်တော်မူပြီး သံဃာ၊ ကိုရင်နဲ့ သီလရှင် ၅ ပါးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ယာဥ်တိုက်မှု #ပြည်မြို့ #သုံးဘီး #နဝဒေး #သတင်း #ယာဥ်တိုက်မှုသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10