ပြည်အကျဥ်းထောင်က အကျဥ်းသား ၁၀၀ ကျော် လွတ်ငြိမ်းနဲ့လွတ်၊ နိုင်ငံရေးအကျဥ်းသား ၅ ဦးသာ ပါဝင်

ပြည်အကျဥ်းထောင်က အကျဥ်းသား ၁၀၀ ကျော် လွတ်ငြိမ်းနဲ့လွတ်၊ နိုင်ငံရေးအကျဥ်းသား ၅ ဦးသာ ပါဝင်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်အကျဥ်းထောင်က အကျဥ်းသား ၁၀၁ ဦး လွတ်ငြိမ်းနဲ့လွတ်ပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဥ်းသား ၅ ဦးသာ ပါဝင်တယ်လို့ Pyay Underground news - PUGN ဆီက သိရပါတယ်။

ဒီနေ့ဩဂုတ် ၁ ရက်မှာ စစ်ကောင်စီက ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အနေနဲ့ ထောင်ကျအကျဥ်းသားတွေကို လွှတ်ပေးခဲ့ရာမှာ ပါဝင်ခဲ့တာလို့ ဆိုပါတယ်။

"ပြန်လွတ်လာတဲ့အထဲမှာ အခြားအမှုတွေက များတယ်။ နိုင်ငံရေးပုဒ်မက နည်းတယ်။ ခုပြန်လွတ်တဲ့ နိုင်ငံရေးအကျဥ်းသားတွေက ပုဒ်မ ၅၀၅ တွေနဲ့လောက်ပဲ ပါတယ်"လို့ Pyay Underground news -PUGN တာဝန်ရှိသူက ပြောပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသား ၅ ဦးမှာ ကိုမျိုးငြိမ်းဇော်၊ ကိုကျော်စွာမိုး၊ ကိုမင်းမင်းဦး၊ ကိုဖြိုးသူအောင်၊ ဒေါ်စန္ဒာမိုးတို့ဖြစ်ပြီး သူတို့ဟာ ပြစ်ဒဏ်ကျခံဖို့ ထောင်ဒဏ် ၆ လအောက်သာ ကျန်ရှိသူနဲ့ လွတ်ရက်နီးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတဝန်းမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းထောင်၊ အချုပ်ထောင်နဲ့ အလုပ်စခန်းတွေကနေ အကျဥ်းသား၊ အကျဥ်းသူ ၇၇၄၉ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ - ယခုနှစ် မေလ ၃ ရက်တွင် ပြည်အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို မိသားစုများက ကြိုဆိုနေကြစဉ်။ (ပုံဟောင်း)

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ပြည် #စစ်ကောင်စီ #ပြည် #အကျဉ်းထောင် #လွတ်ငြိမ်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10