သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာမှာ ဆိုင်ကယ်နဲ့လာတဲ့ ပျူစောထီး ၂ ဦးပစ်ခံရပြီး ၁ ဦး သေ၊ ၁ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူတွေဟာ ရစ်ပင်ရွာသား ပျူစောထီးအဖွဲ့ဝင် အသက် ၄၀ ဝန်းကျင်အရွယ် ကိုရာဇာနဲ့ ကိုအောင်ခိုင်စိုးတို့ ၂ ဦးဖြစ်ပြီး စက်တင်ဘာ ၈ ရက် ၆ နာရီကျော်ခန့်မှာ ရစ်ပင်ကျေးရွာကနေ လယ်မရွာကို ဆိုင်ကယ်နဲ့လာချိန် လယ်မကျေးရွာအနီးမှာ ပစ်ခံရတာလို့ ဆိုပါတယ်။
"သူတို့လာတာကို သတင်းအတိအကျရပြီး လက်နက်ကိုင်အဖွဲ့တွေက လမ်းကနေ စောင့်ပစ်တာလို့ သိရတယ်။ ကိုရာဇာကတော့ နေရာမှာပဲ သေတယ်။ နောက်တယောက်ကတော့ ဒဏ်ရာနဲ့ လွတ်လာတယ်" လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ကိုရာဇာဟာ ပျူစောထီးအဖွဲ့ဝင်တဦးဖြစ်သလို ကြံ့ခိုင်ရေးပါတီဝင်ဟောင်တဦးဖြစ်ပြီး သေနတ်နဲ့အပစ်ခံရတဲ့အတွက် ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ သေနတ်ကျည်ထိဒဏ်ရာ ၄ ချက်ရပြီး သေဆုံးသွားခဲ့ပါတယ်။
ကိုအောင်ခိုင်စိုးကတော့ ပုခုံးကျည်ရှပ်မှန်ပြီး ဒဏ်ရာရသွားကာ မကွေးစစ်တပ်ဆေးရုံမှာ ဆေးကုမှုခံယူနေရပါတယ်။
သေဆုံးသွားတဲ့ ကိုရာဇာရဲ့ အလောင်းကိုတော့ စက်တင်ဘာ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ မယ်ဇလီကျေးရွာ သုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
အဆိုပါ ပစ်ခတ်မှုကို ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
၂၀၂၃ ဧပြီ ၁၃ ရက်က ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာ လောင်းကစားဝိုင်းမှာ လက်ပနွယ်ရွာသား ပျူစောထီးခေါင်းဆောင်တဦး ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ပွင့်ဖြူမြို့ #လယ်မကျေးရွာ #ဆိုင်ကယ် #ပျူစောထီး
Share Share Share