သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်မှာ စစ်မှုထမ်းကြေးဆိုပြီး ၁ အိမ်ကို ၃ သောင်းကျပ် ကောက်ခံနေတယ်လို့ ရပ်ကွက်နေဒေသခံတွေဆီက သိရပါတယ်။
အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသာဒွေးအောင်နဲ့ ရာအိမ်မှူး ဦးလှဝင်းတို့က ပြီးခဲ့တဲ့ ဇွန်လလောက်က စတင်ကောက်ယူနေတာဖြစ်ပြီး ရပ်ကွက်နေပြည်သူတွေကိုလည်း ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
"ပိုက်ဆံလိုက်ကောက်ရင်း လမ်းတွေထဲမှာအော်ဟစ်ပြီးတော့ သတ်ရဲတဲ့ကောင် သူ့ဆီတိုက်ရိုက်လာခဲ့၊ ဘယ်ပထွေးသွားတိုင်တိုင် **ဂရုမစိုက်ဘူးဆိုပြီးတော့ သူပိုကြမ်းပြမယ်ဆိုပြီး အော်သွားတယ်။ လှဝင်းနဲ့အတူတူ စိန်ခေါ်တာတွေရှိလာတယ်။"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
စစ်မှုထမ်းကြေးလိုက်ကောက်ချိန်မှာ ငွေကြေးအဆင်မပြေသူတွေကိုလည်း အလွတ်မပေးဘဲ အတင်းအကြပ် ကောက်ခံတာတွေရှိသလို သားသမီးတွေကို စစ်မှုထမ်းထဲဆွဲထည့်လို့ရတယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်း ရှိနေတာလို့ ဆိုပါတယ်။
အရှေ့ပိုင်းရပ်ကွက်အနီးက ရပ်ကွက်တွေမှာ ၁ လ ၁ ကြိမ်လောက်သာကောက်ပေမယ့် အရှေ့ပိုင်းရပ်ကွက်မှာတော့ ၁ လတည်း ၂ ကြိမ်ကောက်တာ၊ ၂ လအတွင်း ၃ ကြိမ်လောက်ကောက်ယူတာတွေလည်း ရှိနေတာပါ။
" (အုပ်ကြီးက) ရပ်ကွက်တွေမှာ ၁ လ ၁ ကြိမ်ကောက်ဖို့ပြောထားတယ်။ ၁ လ ၂ ကြိမ်လောက် ကောက်တော့ (သူက) တိုက်ဆောက်ဖို့တောင်ပြင်နေပြီ။"လို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။
ပွင့်ဖြူမြို့ပေါ်မှ အရှေ့ပိုင်းရပ်ကွက်ဟာ ရပ်ကွက်ကြီးတခုဖြစ်ပြီး အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
ပွင့်ဖြူမြို့ပေါ်ရပ်ကွက်တွေတင်မကဘဲ ကျေးရွာတွေဘက်မှာပါ စစ်မှုထမ်းကြေးကောက်ယူနေတာဖြစ်ပြီး တနေရာနဲ့တနေရာ ငွေကြေးကောက်ခံပုံချင်း မတူညီကြဘူးလို့ သိရပါတယ်။
အောက်တိုဘာ ၂၀ ရက်ကလည်း အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသာဒွေးအောင်နေအိမ်ရှေ့မှာ အဝေးထိန်းမိုင်းနဲ့ ၂ ကြိမ်ဖောက်ခွဲတိုက်ခိုက်ခံရလို့ သားဖြစ်သူနဲ့ ပွင့်ဖြူရဲစခန်းမှုးအပါအဝင် ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပွင့်ဖြူ #စစ်မှုထမ်းကြေး #အုပ်ချုပ်ရေးမှူး #ငွေကောက်
Share Share Share