ပွင့်ဖြူမှာ စစ်ကောင်စီတပ်က မြန်မာဘီယာနဲ့ ရူဘီဆေးလိပ်ကို ဖိအားပေးရောင်းခိုင်း

ပွင့်ဖြူမှာ စစ်ကောင်စီတပ်က မြန်မာဘီယာနဲ့ ရူဘီဆေးလိပ်ကို ဖိအားပေးရောင်းခိုင်း

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့ပေါ် အရက်၊ဘီယာရောင်းချနေတဲ့ ကုန်စုံဆိုင်တွေမှာ မြန်မာဘီယာနဲ့ ရူဘီဆေးလိပ် ရောင်းချခြင်း ရှိ၊မရှိကို စစ်ဆေးပြီး မရောင်းချရင် ဖမ်းဆီး၊ ဒဏ်ခတ်မယ်ဆိုကာ ဆိုင်ပိုင်ရှင်တွေကို ခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၆ ရက်ကနေ ၇ရက်အထိ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ဦးခန့်က ပွင့်ဖြူမြို့၊ စျေးပတ်ဝန်းကျင်မှာရှိတဲ့ ကုန်စုံဆိုင်တွေမှာ မြန်မာဘီယာ၊ ရူဘီဆေးလိပ်တွေ တင်ရောင်း၊ မရောင်း လိုက်လံစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

"သူတို့(စကစနဲ့ရဲ)စစ်တဲ့အကြောင်းက မြန်မာဘီယာနဲ့ Ruby ဆေးလိပ် တင်မတင် လိုက်စစ်တာအစ်ကို။ မတင်တဲ့ဆိုင်တွေကို ဖမ်းတယ်၊ သတိပေးတယ်။ တင်ဖို့ဖိအားပေးတယ်။ ဒဏ်ငွေဆိုပြီးတောင်းတယ်ဗျ" လို့ ပွင့်ဖြူမြို့ခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် မြန်မာဘီယာရောင်းချရင် ရေခဲသေတ္တာထဲမှာထည့်ပြီး ရောင်းချရမယ်လို့လည်း ဆိုင်ပိုင်ရှင်တွေကို ပြောဆိုခဲ့တယ်လို့ အထက်ပါအမျိုးသား ကပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ထုတ်ကုန်အမှတ်တံဆိပ်တွေဖြစ်ကြတဲ့ မြန်မာဘီယာ၊ ရူဘီဆေးလိပ်တို့အပါအဝင် စစ်တပ်ထုတ်ကုန်အများအပြားကို တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုအများစုက သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့ကြတာပါ။

ပွင့်ဖြူမြို့ပေါ် ကုန်စုံဆိုင်တချို့မှာလည်း စစ်တပ်ထုတ်ကုန် မြန်မာဘီယာနဲ့ ရူဘီဆေးလိပ်ကို မရောင်းကြတာကြောင့် စစ်ကောင်စီတပ်က အခုလို လိုက်လံစစ်ဆေးနေတာလို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ပွင့်ဖြူမြို့ပေါ်မှာ စစ်ကောင်စီတပ်က အခုလို ကုန်စုံဆိုင်တွေကို တဆိုင်ဝင်၊ တဆိုင်ထွက် လိုက်လံစစ်ဆေးနေတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်စိုးမိုးတဲ့ မြို့နယ်တချို့မှာလည်း အခုလို စစ်တပ်ထုတ်ကုန်တွေ တင်ရောင်း၊ မရောင်းကို စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပုံစာ - စစ်တပ်ထုတ်ကုန်များ မသုံးစွဲကြရန် တော်လှန်ရေးအင်အားစုများမှ ၂၀၂၁ ခုနှစ်အတွင်း တိုက်တွန်းထားပုံ။ (ပုံဟောင်း)

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #ကုန်စုံဆိုင် #စစ်တပ်ထုတ်ကုန် #ရောင်းချမှု #စစ်ဆေး #boycott #ဖိအားပေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10