ဖခင်ဖြစ်သူပြောပြတဲ့ ဖိုးတေ (ရုပ်သံဆောင်းပါး)

 

ဖိုးတေ ခေါ် မျိုးချစ်အောင်ဟာ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ မောလယ်ကျေးရွာ ဇာတိဖြစ်ပါတယ်။ ဖိုးတေ ၃ တန်း ကျောင်းသားအရွယ်ကတည်းက သူ့မိဘတွေ အိမ်ထောင်ကွဲသွားကြပြီး သူ့အဖေရဲ့ နောက်အိမ်ထောင်နဲ့အတူ လိုက်ပါနေထိုင်ခဲ့ပါတယ်။ 

သူ့အဖေက ဖိုးတေကို ပညာတတ်တယောက်ဖြစ်စေချင်ပြီး စက်ပြင်တာ၊ စပါးခြွေလှေ့စက်မောင်းတာ၊ ရွှေမှော်တွင်းမှာ အလုပ်ဆင်းတာ စတဲ့အလုပ်တွေ လုပ်ကိုင်ရင်း သူ့သားကို ကျောင်းထားခဲ့ပါတယ်။ ဖိုးတေကိုယ်တိုင်ကလည်း စာကြိုးစာသူဖြစ်ပြီး ဆယ်တန်းကို ဂုဏ်ထူးပါအောင် ကြိုးစားမယ်လို့ သူ့အဖေကို ကတိပြုထားခဲ့ပါတယ်။ 

၂၀၁၉ မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့အခါ သူ့ကတိအတိုင်း ဂုဏ်ထူး ၂ ဘာသာနဲ့ ရမှတ် ၄၀၀ ကျော်ရခဲ့ပါတယ်။ ဘဝအခြေအနေနိမ့်ပါးတဲ့ ဖိုးတေဟာ ဆယ်တန်းဖြေပြီးနောက် ခန္တီးမြို့နယ်အတွင်းရှိ ရွှေမှော်တွင်းတွေဆီ အလုပ်သွားလုပ်ပြီး ဝင်ငွေရှာခဲ့ပါတယ်။ 

သူရတဲ့ဝင်ငွေနဲ့ သူ့မိသားစုကိုလည်း ပြန်လည်ထောက်ပံ့နေခဲ့ပြီး မှော်ထဲမှာ အလုပ်လုပ်နေစဉ်မှာပဲ စစ်အာဏာသိမ်းမှုကို ကြုံလိုက်ရပါတယ်။ နောက်တော့ သူ့အဖေဆီ ဖုန်းဆက်ကာ အလုပ်အကိုင် မကောင်းတော့ကြောင်းနဲ့ အလုပ်ထဲမှာ စိတ်မပါတော့ဘူးလို့ ပြောလာပါတယ်။ သူ့အဖေကလည်း စိတ်မပါရင် အိမ်ကိုပဲပြန်လာခဲ့ဖို့ မှာခဲ့ပါတယ်။ 

ဖိုးတေဟာ အိမ်ပြန်ရောက်တဲ့အခါမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ မိသားစုလိုက် ပါဝင်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်က ဆန္ဒပြလူထုကို သေစေတဲ့အထိ အကြမ်းဖက်ဖြိုခွင်းတာ၊ ဖမ်းပြီး အလောင်းလာထုတ်ခိုင်းတာ၊ အိမ်တွေကို စီးနင်းဖျက်ဆီးတာ ဒီလို လုပ်ရပ်တွေကို ကြုံရတဲ့အခါ ဖိုးတေဟာ မခံမရပ်နိုင်ဖြစ်ပြီး လက်နက်ကိုင်ဖို့ စဉ်းစားလာပါတယ်။ 

တနေ့မှာတော့ ဖိုးတေဟာ လက်နက်ကိုင်ခုခံချင်တဲ့ သူ့ဆန္ဒကို အဖေကို လာတိုင်ပင်ပါတယ်။ 

“ဖေဖေ... တော်လှန်ရေးထဲလိုက်ချင်ပြီလို့ သူက လာတိုင်ပင်တယ်။ သားတို့အရွယ်သာဆို ဖေဖေ လုပ်ပြီးပြီလို့ ပြန်ပြောတော့ သူက သဘောကျသွားတယ်။ တော်တော်လေးကို စိတ်တူသဘောတူ လွှတ်ခဲ့တာပါဗျ။” လို့ သူ့အဖေက ပြောပြပါတယ်။ 

သူ့အဖေရဲ့ သဘောတူညီမှုရပြီးတဲ့နောက် ဖိုးတေဟာ ယောကာကွယ်ရေးတပ် - YDF ထဲကို ဝင်သွားခဲ့ပါတယ်။ ဖိုးတေ လက်နက်ကိုင်တော်လှန်ရေး တပ်ထဲသွားချိန်မှာ အသက်ဟာ ၁၉ နှစ်ပဲ ရှိပါသေးတယ်။ 

သူတာဝန်ထမ်းဆောင်တဲ့ ယောကာကွယ်ရေးတပ် - YDF ဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တဝိုက်မှာ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေပြီး ဒေသခံစစ်ဘေးရှောင်တွေကိုလည်း ကူညီရင်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလေ့ရှိပါတယ်။ 

ယောကာကွယ်ရေးတပ် - YDF မှာ ဖိုးတေ တာဝန်ထမ်းဆောင်တဲ့ကာလ ၂ နှစ်လောက် အကြာ ၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ  မြောက်ခင်ရန်းရွာက စစ်ကောင်စီတပ်တွေကို သွားရောက်တိုက်ခိုက်စဉ် ဖိုးတေနဲ့ သူ့ရဲဘော် သားထောင်ဆိုသူဟာ ရန်သူ့လက်ထဲ ကျရောက်သွားပါတယ်။ 

မြောက်ခင်ရန်းရွာဟာ မြန်မာစစ်တပ်က အငြိမ်းစားအရာရှိ ကြံ့ခိုင်ရေးပါတီဝင် ဂန့်ဂေါနယ် အမတ်ဟောင်း ဘူးလက်လှဆွေရဲ့ ဇာတိရွာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးတဲ့ လက်နက်ကိုင်ပျူစောထီးအဖွဲ့ (ပြည်သူ့စစ်)တွေ အားကောင်းရာအရပ် ဖြစ်ပါတယ်။ 

အဲဒီမြောက်ခင်ရန်းရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မီးရှို့အသတ်ခံရတဲ့ ရုပ်သံမှတ်တမ်းဟာ ဖေဖော်ဝါရီ ၆ ရက်ကစလို့ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပြီး ၁  ယောက်က မောလယ်ရွာက ဖြစ်တယ်ဆိုတဲ့သတင်းဟာ ဖိုးတေရဲ့ အဖေနားထဲရောက်လာခဲ့ပါတယ်။ 

သူကိုယ်တိုင်လည်း အင်တာနက်မသုံးတတ်တာရယ် ပတ်ဝန်းကျင်ကလည်း ဒီအကြောင်းကို သူ့ကို ပြောပြဖို့ နှုတ်ဆိတ်နေကြတာကြောင့် ဘယ်သူတွေလည်းဆိုတာ သူမသိသေးသလို သူ့သား ဖိုးတေဖြစ်လိမ့်မယ်လို့လည်း ထင်မထားခဲ့ပါဘူး။

သတင်းကြားထားပြီး နောက် ၂ ရက်အကြာမှာ YDF တပ်ရင်းက တာဝန်ရှိတဲ့ တပ်ခွဲမှူးနဲ့ ရဲဘော်တွေ သူ့ဆီရောက်လာပြီး သေဆုံးသူဟာ ဖိုးတေနဲ့ သားထောင်ဖြစ်ကြောင်း သူ့ကို အသိပေးခဲ့ပါတယ်။ 

သူကလည်း ချက်ချင်းယုံဖို့ခက်ပြီး သူ့သားဟုတ်၊ မဟုတ် ဘယ်လိုသိရမလဲ သေချာအောင် မေးတဲ့အခါ ဖိုးတေနဲ့ သားထောင်တို့ကို သံကြိုးနဲ့ချည် တရွတ်တိုက်ဆွဲပြီး သစ်ပင်မှာ တွဲလောင်းချိတ်ဆွဲ မီးရှို့တဲ့ ရုပ်သံဗီဒီယိုကို YDF ရဲဘော်က ဖွင့်ပြလိုက်ပါတယ်။

ဒီအခါမှ သူ့သားဖိုးတေနဲ့ သားထောင်တို့ဆိုတာကို  သူသိလိုက်ရပြီး အလွန်တုန်လှုပ်သွားခဲ့ပါတယ်။ 

“ဟာ....သွားပြီ။ တယောက်က ဖိုးတေ၊ တယောက်က သားထောင်ပေါ့ဗျာ။ ဒီလောက်ရက်ရက်စက်စက်လုပ်မယ်လို့ မထင်ထားခဲ့ဘူး။ မိုက်တွင်းနက်တဲ့ကောင်တွေ လုပ်ရက်ကြတယ်။ ကျနော်လည်း ကြည့်ရင်း ငိုချလိုက်တယ်ဗျာ။ အသည်းတွေ ကွဲမတတ်ပါပဲ။" လို့ မချိတင်ကဲ ပြောပါတယ်။

ဖိုးတေနဲ့ သားထောင်ကို ခုလို သတ်တာဟာ အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေတွေဖြစ်တယ်လို့ သူက ယုံကြည်ထားပါတယ်။ တကယ်လို့ သူ့သားကို သတ်တဲ့သူတွေကို ဖမ်းမိထားရင်တောင် သူ့သားကို သတ်သလိုမျိုး သူအနေနဲ့ ပြန်ပြီး လက်စားမချေရက်ဘူးလို့ ဆိုပါတယ်။  

“ကျနော့်သားကို လုပ်တဲ့သူကို မိရင်တောင်….လုပ်ချင်စိတ်ကတော့ရှိတာပေါ့လေ။ ဒါပေမဲ့လည်း အော်…….သူထိုက်နဲ့ သူ့ကံသွားပါလိမ့်မယ်လို့။ ကျနော်ကတော့ အဲဒီလိုပဲပြောချင်တယ်။ အမှားလုပ်တဲ့သူဟာ မှားတဲ့ အပြစ်ဒဏ်ကို ခံကို ခံရမှာဗျ။ ကျနော်မှားတာလုပ်လည်း ကျနော်ခံရမှာ။ အဲ့ဒါကို တဇောက်ကမ်းလုပ်တဲ့၊ လူစိတ်မရှိတဲ့ လူတွေကိုတော့ ဘဝနဲ့ချီပြီး နာတယ်ဗျာ။” လို့ သူက ပြောပါတယ်။

 

#မြေလတ်အသံ

#ဖိုးတေ #သားထောင် #မြောက်ခင်ရန်း #မီးရှို့သတ်ဖြတ် #ရုပ်သံဆောင်းပါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10