ဖဲဝိုင်းမှာရှိနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ သေဆုံး

ဖဲဝိုင်းမှာရှိနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာ ဖဲဝိုင်းမှာရှိနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့ည ၁၁ နာရီခွဲခန့်မှာ ဖဲဝိုင်းမှာ ဖဲရိုက်နေတဲ့ ခွက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းဝင်း ၅၀ နှစ်ကို သေနတ် ၃ ချက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် ဂဠုန်တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

"သူက သိရသလောက်က မကောင်းတာ အကုန်လုပ်တယ်။ သူကိုယ်တိုင် လောင်းကစားဝိုင်းတွေ ထောင်တယ်။ အခြားသူတွေ နှစ်လုံး၊ သုံးလုံးရောင်းတာ ဖမ်းခိုင်းတယ်။ ပြည်သူတွေကို ခြိမ်းခြောက်အကြပ်ကိုင် ဖမ်းဆီးခိုင်းတာ။ သစ်မှောင်ခိုသမားတွေဆီက ငွေတောင်း ရဲတွေနဲ့ ပေါင်းစားတာ။ မုဒိန်းမှုတစ်ခုဘဲ မလုပ်တာလို့တော့ သိရတယ်။ ကျန်တာက အကုန်လုပ်တယ်" လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို​တော့ သာယာဝတီခရိုင် ဂဠုန်တပ်ဖွဲ့ခွဲ(၃)နဲ့ မင်းလှPDF က ရဲဘော်တွေ နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး ထွန်းဝင်းဆိုသူဟာ နေရာမှာဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ထွန်းဝင်းကို ၂၀၂၂ ခုနှစ်က  ဇရစ်မြောင်ရွာနားမှာ မင်းလှ PDF အဖွဲ့က  သေနတ်နဲ့ပစ်ခတ်ခဲ့လို့  လက်မောင်းနှစ်ဘက် ဒဏ်ရာရခဲ့သေးတာ ဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10