ဖြူးက ရဲနဲ့စစ်ကောင်စီပူးပေါင်းစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ လက်နက်အချို့သိမ်းဆည်းရမိ

ဖြူးက ရဲနဲ့စစ်ကောင်စီပူးပေါင်းစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ လက်နက်အချို့သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကျွဲနွယ်ကုတ်ကျေးရွာရှိ ရဲနဲ့စစ်ကောင်စီ ပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကာ လက်နက်အချို့သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေဆီက သိရပါတယ်။

ဇွန် ၂၀ ရက် ည ၁၁ နာရီခန့်မှာ အင်အား ၂၀ ကျော်ရှိနေတဲ့ ရဲနဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ မိနစ် ၂၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

"အဲဒီစခန်းက စကစနဲ့ရဲ ပူးပေါင်းစောင့်တဲ့ လမ်းကင်းစခန်းတစ်ခုပါ။ ပူးပေါင်းတပ်တွေဘက်က အချိန်ကောင်းစောင့်ပြီး ဝင်တိုက်ကြတာ။ စကစတွေဘက်က အချိန်အကြာကြီးတောင် ခုခံပြီးတိုက်ကြတာမဟုတ်ဘူး။ ဆုတ်ပြေးသွားကြတယ်။ လက်နက်အချို့ ရလိုက်တာရှိတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ရဲ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူအချို့လည်းရှိပြီး ပြန်လည်ဆုတ်ပြေးသွားတာကြောင့် ဒဏ်ရာရသူတွေ အရေအတွက်ကို အတည်မပြုနိုင်ခဲ့ဘူးလို့ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ ခြောက်လုံးပြူး သေနတ် ၁ လက်၊  အူဇီသေနတ် ၁ လက်၊ G3 ကျည်ဘောက် ၄ ခု၊ G3 ကျ ည် ၁၉၈ တောင့်၊ အူဇီကျည်ဘောက် ၄ ခု၊ ၅.၅၆ ကျည်ဆန် ၂ဝ တောင့်၊ ၃၈ ကျည်ဆန်  ၁၆ တောင့်၊ ၉ မမ ကျည်ဆန် ၆၀ တောင့်၊ မှတ်စုစာအုပ် ၁ အုပ် နဲ့ ပိုက်ဆံ ၂၂၂ဝဝ ကျပ်တို့ကိုသိမ်းဆည်းရရှိကာ စခန်းကိုမီးရှိူ့ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို KNLA၊ ရိုးမစစ်ကြောင်း ၁၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO (ဖြူး)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDO(သာယာဝတီခရိုင်)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF အာဠာဝကစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နဲ့ တောကျွဲအင်းကြားရှိ စစ်ကောင်စီစခန်း ၅ ခု တိုက်ခိုက်ခံရပြီး စစ်ကောင်စီအဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဖြူး #တိုက်ပွဲ #KNLA #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10