ဖြူးမှာ လက်နက်ကြီးထိလို့ ၈ နှစ်အရွယ်ကလေးအပါ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ဖြူးမှာ လက်နက်ကြီးထိလို့ ၈ နှစ်အရွယ်ကလေးအပါ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဘုရားလဟာကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၇ ရက် ညနေ ၃ နာရီကျော်မှာ ဘုရားလဟာရွာထဲကို စစ်ကောင်စီတပ်သားတွေပစ်ခတ်တဲ့ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ကြတာပါ။ 

"ပထမတလုံးကျတော့ ရွာသားတွေက နေအိမ်တွေအောက်က ဗုံးခိုကျင်းထဲကို ဝင်ပုန်းကြချိန်မှာ ထပ်ကာထပ်ကာ ကျလာလို့ ဒေသခံတွေ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ အသက် ၈ နှစ်အရွယ် မောင်ဖြိုးပြည့်စုံ၊ အသက် ၁၅ နှစ်အရွယ် မောင်ထက်မြက်အောင်၊ အသက် ၄၀ အရွယ် မသင်းသင်းထွေးနဲ့ အသက် ၄၅ နှစ်အရွယ် မခင်နွယ်ဦး တို့ သေဆုံးခဲ့တာပါ။ 

ဒါပြင့် အသက် ၇၀ အရွယ် ဒေါ်ယဥ်သန်း၊ ဦးမောင်မြင့်၊ အသက် ၁၀ နှစ်အရွယ် ဘုန်းမြတ်သဲနဲ့ သင်ဇာသဲတို့လည်း ခြေထောက်မှာ ဒဏ်ရာရပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။ 

အလားတူ ဘုရားလဟာကျေးရွာက နေအိမ် ၆ လုံး ပျက်စီးပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဘုရားလဟာကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခမရ ၄၃၉ နဲ့ ၃၀၇ ရွှေဝါတပ်ရင်းရှိပြီး ဘယ်ကနေပစ်ခတ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

၂၀၂၃ ဒီဇင်ဘာ ၂၇ ရက်ကလည်း ပျဥ်းမပင်ကျေးရွာထဲကို စစ်ကောင်စီပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရကာ နေအိမ် ၂ လုံး ပျက်စီးခဲ့ပါသေးတယ်။ 

ပုံစာ - လက်နက်ကြီးကျရောက်လို့ မီးလောင်းခဲ့ရသည့် ဘုရားလဟာကျေးရွာက နေအိမ်အချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဖြူး #ဘုရားလဟာ #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10