ဗုံးဆက်တိုက်ကွဲခဲ့တဲ့ ပဲခူးမှာ လူငယ် ၇ ဦး ဖမ်းခံရ

ဗုံးဆက်တိုက်ကွဲခဲ့တဲ့ ပဲခူးမှာ လူငယ် ၇ ဦး ဖမ်းခံရ

ပဲခူးတိုင်း၊ ပဲခူးမြို့တွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဗုံး ၆ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီက လူငယ် ၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဗုံးဖောက်ခွဲသူတွေလို့ စွတ်စွဲပြီး စစ်ကောင်စီတပ်သားတွေက အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၇ ဦးကို ဖမ်းဆီးထားတာပါ။

ဖေဖော်ဝါရီလ ၈ ရက်မှာ ပဲခူးမြို့နယ်၊ ကလိကျေးရွာမှာ ရှိနေတဲ့ လူငယ် ၄ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့ပြီးနောက် နောက်ထပ် ၅ ဦးကို ဆက်တိုက်ဖမ်းဆီးခဲ့တာလို့ ပဲခူး ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

"လူငယ်တွေ ဖမ်းဆီးခံရတာက ဟုတ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ မဆိုင်တဲ့သူတွေလည်း ပါတယ်။ စကစ ဘက်ကတော့ နေအိမ်မှာ ပစ္စည်းတွေ၊ လူတွေတွေ့ရင် ဆိုင်ဆိုင် မဆိုင်ဆိုင် ဖမ်းသွားတာဘဲ။ ဖမ်းခံရတဲ့ သူတွေထဲက အချို့ကတော့ အဲနေ့မစ်ရှင်မှာ ပါဝင်ခဲ့သူတွေလို့တော့ သိရပေမယ့် သေချာအောင် စုံစမ်းနေတယ်" လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကလိကျေးရွာနေ ဖိုးခွား( ခ) ဉာဏ်လင်းမောင်မောင်၊ မောင်သက်၊ ထားထားဝင်း၊ မျိုးမြတ်မင်းစော၊ ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ ၁၄ လမ်းနေ သူရိန်အောင်(ခ)အောင်သူ၊ ဥဿမြို့သစ် ရက်ကွက်ကြီး( ၁)၊ သီးသန့် ၁ လမ်းနေ ကိုမျိုးတင်နဲ့ ဇနီးဖြစ်သူ မယဥ်ယဥ်ဌေး တို့ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ − ဖမ်းဆီးခံရသူတွေနဲ့ပက်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ကြေငြာစဉ်။  

 

ဖမ်းဆီးခံရချိန်မှာ လူငယ်တွေဆီကနေ သေနတ် ၄ လက်၊ ၄၀ မမ ဗုံးသီး ၂၇ လုံး၊ တရုတ်ထုတ် လက်ပစ်ဗုံး ၅ လုံး၊ လုပ်လုပ်မိုင်းအချို့နဲ့ ကျည်ဆံတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ဖမ်းဆီးခံရချိန်မှာ ရိုက်နှက်တာတွေ ခံထားရပြီး စစ်ကောင်စီက စစ်ကြောရေးကို ပို့ထားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်ညနဲ့ ၈ ရက်မနက်ပိုင်းတွေမှာ မဇင်းရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ရှင်စောပုရပ်ကွက်တွေမှာ ဗုံးပေါက်ကွဲမှု ၆ ကြိမ် ဖြစ်ပွားခဲ့တာနဲ့ ဆက်စပ်ပြီး အထက်ပါ ၇ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီဗုံးပေါက်ကွဲမှုတွေကြောင့် ထရန်စဖော်မာအချို့အပါအဝင် အုတ်စည်းရိုးနံရံ အချို့ ပျက်စီးမှု ရှိခဲ့ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10