ဗုံးဆံ၊ ကျည်ဆံ ကြားက ပညာရေး

ဗုံးဆံ၊ ကျည်ဆံ ကြားက ပညာရေး

စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးနောက်မှာတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်တွေအားလုံး ပုံမှန်မလည်ပတ်နိုင်တော့တဲ့ အခြေအနေကိုရောက်ခဲ့ပါတယ်။ အထူးသဖြင့်တော့ စစ်မြေပြင်ဖြစ်နေတဲ့ ဒေသတွေမှာ ကျောင်းဖွင့်ချိန်တွေ ရှိမလာခဲ့တော့သလို စာသင်ကျောင်းအဆောက်အဦတွေထဲမှာ လုံလုံခြုံခြုံ စိတ်အေးချမ်းစွာ စာသင်ကြားခွင့်ဆုံးရှုံးခဲ့ရတာပါ။

စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ်တွေအတွင်းက ကျေးရွာတွေမှာ စစ်အာဏာသိမ်းပြီးထဲက အကြမ်းဖက်စစ်အုပ်စုက နေ့တိုင်းနီးပါး ကျေးရွာတွေကိုဝင်ရောက်ပြီး လေယာဉ်တွေနဲ့ပစ်ခတ်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ကျေးရွာတွေထဲကို အတင်းဝင်ရောက် မီးရှို့ဖျက်ဆီးတာတွေကြောင့် ကျေးရွာအသီးသီးက စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲက ဒေသအတော်များများမှာ ပြီးခဲ့တဲ့ ၂၀၂၂ ပညာသစ်နှစ်အတွင်း စာသင်ကြားရမှု အခြေအနေက အဆိုးရွားဆုံးပဲလို့ ပြောရလောက်အောင်ပါပဲ။ 

“စာသင်ကျောင်းတွေဖွင့်ထားပေမယ့် တိုက်ပွဲတွေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကို အမြဲခံနေရတယ်။ ပြီးခဲ့တဲ့ မတ်လတလလုံးဆို ကျောင်းတွေအားလုံးနီးပါးပိတ်ထားရပြီး ၁၀ ရက်ပြည့်အောင်တောင် ကျောင်းမဖွင့်နိုင်ခဲ့ဘူး။ အညာဒေသမှာ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်ဆုံးရှုံးနေရတယ်” လို့ မြောင်ပညာရေးကွန်ရက် Myaung Education Networkက ကတာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ပထမ ၈ လ တဖြတ်စာသင်နှစ်မှာလည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် ကျောင်းသူ၊ ကျောင်းသားတွေ အချိန်ပိုခေါ်ယူပြီး ပိတ်ရက်မရှိပုံစံမျိုးနဲ့ သင်ခန်းစာတွေကို သင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းမြောင်ပညာရေးကွန်ရက် အဖွဲ့အစည်းကို ၂၀၂၂ မတ် ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပါတယ်။ CDM ဆရာ၊ ဆရာမတွေ၊ ကျေးရွာအသီးသီးက စေတနာ့ဝန်ထမ်းတွေ ပါဝင်ကာ ကျောင်းတွေပြန်ဖွင့်ပြီး ကြားကာလ ပညာရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာပါ။ 

လက်ရှိ အချိန်မှာ မြောင်ပညာရေးကွန်ယက်ကနေ မြောင်မြို့နယ်အတွင်းက စာသင်ကျောင်းတွေအားလုံးရဲ့ ၄၇ ရာခိုင်နှုန်းကို ပြန်လည်ဖွင့်လှစ် သင်ကြားပေးနေပါတယ်။

ဒေသတွင်းမှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားတာ၊ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လုံခြုံရေးအတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက လုံခြုံရေးအလှည့်ကျ တာဝန်ယူပြီး ကျောင်းပညာရေးကို သင်ကြားနေရတာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိကို သင်ကြားရေးအတွက် ကျောင်းသားဦးရေနဲ ဖတ်စာအုပ်အရေအတွက် မလုံလောက်တာ အခြေခံသင်ထောက်ကူပစ္စည်း လိုအပ်တဲ့အခက်အခဲတွေတော့ ရှိနေသေးတယ်လို့ မြောင်ပညာရေး ကွန်ရက် Myaung Education Network မှ တာဝန်ရှိသူတဦးက ပြောပြပါတယ်။ 

၂၀၂၃ ဖေဖော်ဝါရီလလယ်လောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ ၁၀ ရွာလောက်ကို အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် မတ်လ တလလုံးနီးပါး ကျောင်းတွေပိတ်ထားရပြီး တလလုံးကို ၁၀ ရက်ပြည့်အောင် ကျောင်းမတက်ရဘဲ ကလေးတွေရော ရွာသူရွာသားတွေပါ အကုန်ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ (အမည်မဖော်)လိုတဲ့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

“လူကြီးတွေ လူငယ်တွေ ကလေးတွေပါမကျန် စစ်ကြောင်းဝင်ပြီဆိုတာနဲ့ အသက်လုပြေးနေရတာပါ။ စာသင်ဖို့အရေးထက် အသက်မသေဖို့ကို အဓိကထားနေရတာ။ ကလေးတွေ ပညာရေးကိုအားပေးချင်တာပေါ့၊ ကလေးကိုလည်း ပညာတတ်ကြီးဖြစ်စေချင်တာပေါ့” လို့ သူကဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းမှာလည်း ၂၀၂၂ စက်တင်ဘာ ၁၆ ရက်က ကလေးတွေ စာသင်နေချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ကလေး ၁၁ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပါသေးတယ်။ 

ဒီတိုက်ခိုက်မှုဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်တာဖြစ်သလို လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ချိုးဖောက်မှုခြောက်ခုထဲက တခုဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါသေးတယ်။ 

အလားတူ ၂၀၂၃ ခုနှစ်ထဲမှာလည်း စစ်ကိုင်းတိုင်း၊ ရေဦးနယ်အနောက်ခြမ်း၊ ရေမျက်ကျေးရွာမှာ ဇူလိုင် ၁၀ က စာသင်ကျောင်းမှာ ကလေးတွေကျောင်းတက် စာသင်နေတဲ့အချိန် ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံး ၃လုံးကြဲချတိုက်ခိုက်ခဲ့ရာမှာ ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေထိ မှန်ခဲ့ပါတယ်။ 

လေကြောင်းပစ်မှတ်လွဲခဲ့လို့ ထိခိုက်သေဆုံးမှုမရှိဘဲ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ် တချို့သာ ပျက်စီးခဲ့တာဖြစ်ပါတယ်။ 

ပြီးတော့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ထန်းတောကျေးရွာထိပ်ရှိ CDM ဆရာ၊ ဆရာမတွေ စာသင်ကြားပေးနေတဲ့ စာသင်ကျောင်းကိုလည်း မေလ ၉ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

အဲ့ဒီအချိန်တုန်းကလည်း ကျောင်းကိုမထိခိုက်ခဲ့ပေမယ့် မိဘတွေအနေနဲ့ ကလေးတွေကို စာသင်ကျောင်းဆီ မပို့ရဲတော့ပါဘူး။ CDM ကျောင်းဖြစ်လို့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးလာကြဲတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆသွားကြပါတယ်။

 

စစ်ကိုင်းတိုင်းက ကျေးရွာတွေမှာဆိုရင် လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်အကြိမ်ကြိမ် ကြုံတွေနေရတာတွေကြောင့် လေကြောင်းအန္တရာယ် ကာကွယ်ရေးအတွက် အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီက ဦးဆောင်ပြီး မြောင်ပညာရေးကွန်ရက်က ပညာပေးစာအုပ်တွေ ဖြန့်ဝေတာ၊ ကာတွန်းသရုပ်ဖော်ပုံတွေ ပြသတာတွေနဲ့ ဟောပြောတာတွေ ပြုလုပ်နေပါတယ်။

“ကြားကာလ ပညာသင်ကျောင်းပေါင်း ၃၀ ကျော်ထဲက မူလတန်းကျောင်း ၁၅ ကျောင်းမှာ ‘လေယာဉ်ပျံတွေလာရင်’ ဆိုတဲ့ခေါင်းစဉ်နဲ့ အသိပညာပေးတာတွေ စတင်လုပ်ဆောင်နေတာပါ။ စစ်ဘေးနဲ့ ထိတွေ့တိုက်ပွဲအများဆုံးဖြစ်တဲ့ ကျေးရွာတွေနဲ့ မူလတန်းအရွယ်ကလေးတွေအတွက် အဓိကထားလုပ်ဆောင်နေတာပါ” လို့ ကွန်ရက်တာဝန်ရှိသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်မှုတွေများစွာရှိနေသလို ၂၀၂၁ အာဏာသိမ်းမှုပြီး နောက်ပိုင်း ကလေးငယ်တွေရဲ့ လူ့အခွင့်အရေးတွေ ပိုမိုချိုးဖောက်ခံလာနေရပါတယ်။

ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ကလေးသူငယ်ဥပဒေအရ အသက် ၁၈ နှစ်အောက်လူသားတိုင်းကို ကလေးလို့ သတ်မှတ်ပြီး ကလေးငယ်တိုင်းမှာ အသက်ရှင်သန်ခွင့် အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ခွင့် အခွင့်အရေး၊ ဖွံဖြိုးတိုးတက်ခွင့် အခွင့်အရေး၊ ပါဝင်ဆောင်ရွက်ခွင့် အခွင့်အရေးတွေနဲ့အတူ ပညာသင်ကြားခွင့် အခွင့်အရေးတို့ ရရှိရမယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အရင်ကတည်းက ကျေးလက်ဒေသက ကလေးငယ်တွေဟာ မြို့ပေါ်က ကလေးတွေထက် တန်းတူပညာသင်ကြားခွင့် အခွင့်အရေးတွေဆုံးရှုံးနေရတာပါ။

မြောင်ပညာရေးကွန်ရက် Myaung Education Network အနေနဲ့  ၂၀၂၂ မတ်လကနေ ၂၀၂၃ မတ်လ ကာလအတွင်း ကျောင်းပေါင်း ၃၁ ကျောင်းထိ ဖွင့်လှစ်သင်ကြားနေပြီး တိုက်ပွဲအခြေအနေနဲ့ နယ်မြေ မတည်ငြိမ်မှုတွေကြောင့် မတ်လအတွင်းမှာ စာသင်ကျောင်း ၅ ကျောင်းနီးပါးပိတ်ထားရတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မြောင်ပညာရေးကွန်ရက်မှာ အလယ်တန်းအဆင့် သင်ကြားနိုင်တဲ့ကျောင်း ၁၂ ကျောင်း၊ မူလတန်းကျောင်း ၅ ကျောင်းနဲ့ အထက်တန်းအဆင့် သင်ကြားနိုင်တဲ့ကျောင်း ၁၄ ကျောင်းဖွင့်လှစ်ထားနိုင်ပြီလို့ ဆိုပါတယ်။ ကျောင်းသား ဦးရေ ၅,၃၀၀ ကျော်ကို ဆရာ၊ ဆရာမ ၅၂၀ ကျော်နဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

မြောင်ပညာရေးကွန်ယက်အနေနဲ့ မနှစ်ကစာသင်နှစ်မှာ‌ ကျောင်းပေါင်း ၁၄ ကျောင်းကနေ အထက်တန်းဖြေဆိုသူ ၂၈၆ ယောက် ကျော်ရှိခဲ့တယ်လို ဆိုပါတယ်။ အမှတ် ၈၀ နဲ့အထက်ကို ဂုဏ်ထူးမှတ်သတ်မှတ်ပြီး ၁ ဘာသာ ဂုဏ်ထူးရှင် ၁၂ ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၁၁ ယောက်၊ ၃ ဘာသာဂုဏ်ထူးရှင် ၁ ယောက်၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၈ ယောက်၊ ၅ ဘာသာဂုဏ်ထူးရှင် ၄ ယောက်နဲ့ ၆ ဘာသာဂုဏ်ထူးရှင် ၃ ယောက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းနဲ့မကွေးတိုင်းမှာ မြောင်ပညာရေးကွန်ရက်က လူထုအခြေပြု ကြားကာလပညာရေးကျောင်းတွေ အကောင်ထည်ဖော်သင်ကြားပေးနေပေမယ့် အမျိုးမျိုးသောအကြောင်းအရာတွေကြောင့် ကျောင်းမနေရတဲ့ကလေးတွေ များစွာရှိနေသေးတယ်လို့ ဆိုပါတယ်။ 

မြောင်ပညာရေးကွန်ယက်မှာ ပညာသင်ကြားပေးနေတဲ့ ဆရာဆရာမတွေအနေနဲ့ လုပ်ခလစာဆိုတာမျိုးထက် စေတနာ့ဝန်ထမ်းပုံစံပဲ လုပ်ကိုင်နေတာကြောင့် ပုံမှန်လစာမရှိဘဲ ၃ လ တကြိမ်လောက် ရန်ပုံငွေပေါ်မူတည်ပြီး ခွဲဝေပေးနေရတာပါ။ ပညာရေးအတွက် လုံလောက်တဲ့ရန်ပုံငွေ ခုထိမရရှိကြသေးပါဘူး။ အဲ့ဒါကြောင့် အခုနှစ် စာသင်နှစ်စပြီး ပညာရေးပဒေသာပင်ပုံစံနဲ့ လုပ်သွားဖို့ စီစဉ်ထားတယ်လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ဖွင့်လှစ်တဲ့စာသင်ကျောင်းတွေမှာ ကျောင်းမတက်လိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြားကာလပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့စာသင်နှစ် ၂၀၂၂ အတွင်းမှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မြေပြင်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ဒေသတချို့အပါအဝင် ၁၀ တန်း စာမေးပွဲဖြေဆိုသူဦးရေ ၉၀,၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ NUG ရဲ့ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကြာလာတဲ့အချိန်အထိ စစ်ကိုင်းတိုင်းလို စစ်မြေပြင်မှာရှိနေတဲ့ ကျောင်းနေအရွယ် ကလေးတွေအဖို့တော့ တိုက်ပွဲတွေကြားမှာ ကျောင်းပညာရေးကို အသက်လုပြေးရင်း သင်ကြားနေရဆဲပါ။ တချို့ကလည်း စစ်ရှောင်စခန်းတွေကနေ အိမ်မပြန်နိုင်ကြသေးဘဲ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေဆဲဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်း မြောင်ပညာရေးကွန်ရက်က ဖွင့်လှစ်သင်ကြားပေးနေတဲ့ စာသင်ကျောင်းတွေမှာ ကလေးတွေ ကျောင်းတက်စာသင်ကြားနိုင်ဖို့အတွက် မိဘတွေအားလုံးကတော့ စိတ်စောလို့နေကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ကလေးတွေကိုကျောင်းပို့နိုင်အောင် ကြိုးစားနေရင်းက စစ်ဘေးကနေ အသက်လု ရှောင်ပြေးနေရတာကြောင့် ကျောင်းစာသင်ခန်းတွေနဲ့ ဝေးရာကိုပဲ ရောက်သွားကြပါတော့တယ်။ 

#မြေလတ်အသံ 

#ဆောင်းပါး #သတင်းဆောင်းပါး #ပညာရေး #ကြားကာလပညာရေး #မြောင်ပညာရေးကွန်ယက် #ကလေးသူငယ်အခွင့်အရေး #စစ်ဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10