ဗုံးထိမှန်ပျက်စီးခဲ့တဲ့ ကြားကာလစာသင်ကျောင်း ပြန်လည်ပြုပြင်ဖို့ အကူညီလိုအပ်နေ

ဗုံးထိမှန်ပျက်စီးခဲ့တဲ့ ကြားကာလစာသင်ကျောင်း ပြန်လည်ပြုပြင်ဖို့ အကူညီလိုအပ်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ် ကျေးရွာတရွာက ဗုံးကြဲခံရလို့ပျက်စီးခဲ့တဲ့ NUG လက်အောက်ခံ “သုည” ဖက်ဒရယ်ကျောင်းကို ပြန်လည်ပြုပြင်ဖို့အကူညီလိုအပ်နေပြီး ဇွန် ၁၄ ရက် ဒီနေ့အထိ ကျောင်းပြန်မဖွင့်နိုင်သေးဘူးလို့ ကျောင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။ 

အဲ့ဒီကျောင်းမှာ စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်စာသင်ကြားနေတာဖြစ်ပြီး မကြာခဏဆိုသလို လေယာဥ်ဝဲပျံနေတာ၊ ငွေကြေးလိုအပ်ချက်ကြောင့် ပျက်စီးသွားတဲ့စာသင်ကျောင်းတွေနဲ့ ကျောင်းသုံးပစ္စည်းတွေကို ပြန်လည်ပြင်ဆင်တာ ဝယ်ယူစုဆောင်းတာတွေ မလုပ်နိုင်သေးတဲ့အတွက်  ကျောင်းပြန်မဖွင့်နိုင်သေးတာလို့ လို့ဆိုပါတယ်။

"အလှူရှင်အချို့ကတော့ လာလှူကြတာရှိတယ်။ ဒါပေမယ့် အလုံးစုံပြန်လည်ပြင်ဖို့ မလုံလောက်သေးတာပေါ့။ လေယာဥ်ရန်ကလည်း ကြောက်နေရသေးတော့ အခြေအနေကြည့်ပြီး ပြင်ဆင်နေရတယ်။ ရွာကလူတွေကလည်း အိမ်တွေမီးရှို့ခံထားရတာ။ စီးပွားရေးတွေ မလုပ်နိုင်တာကြောင့် ကျောင်းအတွက် အပြည့်အဝမကူနိုင်ကြဘူး။ လိုအပ်ချက်တွေ အများကြီးရှိနေသေးတာ"လို့ ကျောင်းတာဝန်ခံက ပြောပါတယ်။

ဗုံးကြဲခံရပြီးနောက်မှာ ကျောင်းသားဦးရေလည်း လျော့ကျသွားပြီး လတ်တလောမှာတော့ ရွေ့လျားစနစ်နဲ့ စာသင်နေကြရတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မေ ၄ ရက်ည ၇ နာရီကျော်လောက်မှာ စစ်ကောင်စီဘက်ကတိုက်လေယာဥ်နဲ့ စာသင်ကျောင်းတည်ရှိရာ ကျေးရွာဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချခဲ့ရာ စာသင်ဆောင်တွေပေါ်နဲ့ စာသင်ဆောင်အနီးလမ်းပေါ်ကို ၂ လုံးကျရောက်ပေါက်ကွဲခဲ့တာပါ။  

စာသင်ဆောင်ပေါ် ဗုံးကျပေါက်ကွဲလို့ စာသင်ကျောင်းအတွင်းရှိ အိမ်သာတွေ၊ ခြံစည်းရိုးတွေအပါအဝင် စာသင်ဆောင်အားလုံးပျက်စီးသွားသလို စာသင်ဆောင်အနီးရှိ နေအိမ်နှစ်လုံးပါ ပျက်စီးခဲ့ပြီး စာသင်ဆောင်အနီးနေအိမ်က အသက် ၅၀ ကျော်အမျိုးသား ၁ ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရခဲ့ပါတယ်။ 

အဲ့ဒီစာသင်ကျောင်းမှာ စစ်ရှောင်ကျေးရွာ ၃ ရွာနဲ့ ပျူစောထီးလက်အောက်ကနေထွက်ပြေးလာတဲ့ မိသားစုဝင်တွေရဲ့ ကလေးငယ် စုစုပေါင်း ၁၈၀ ကျော်ကို KG ကနေ Gread 10 ထိ သင်ကြားပေးနေတာပါ။ 

၂၀၂၂ အောက်တိုဘာလအတွင်းမှာလည်း အဲ့ဒီကျောင်းတည်ရှိရာကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့စဥ် စာသင်ဆောင်တွေပါ မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပေါက် #စစ်ကောင်စီ #ဗုံးကြဲ #ကြားကာလစာသင်ကျောင်း #အကူညီလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10