ဗုံးသီးဟောင်းကို ကစားရာကပေါက်ကွဲပြီး ကလေး ၂ ဦးသေဆုံး

ဗုံးသီးဟောင်းကို ကစားရာကပေါက်ကွဲပြီး ကလေး ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ကံလှရွာမှာ ဗုံးသီးအဟောင်းကို ကစားရာက ပေါက်ကွဲပြီး ကလေး ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၀ ရက် ညနေ ၄ နာရီခန့်မှာ အသက် ၇ နှစ်အရွယ် မောင်အောင်မိုးဝေနဲ့ မောင်ခန့်မင်းလွင်၊ အသက် ၆ နှစ်အရွယ် မောင်လင်းလင်းနိုင်တို့ဟာ ဗုံးသီးအဟောင်းတလုံးကို ကျောက်ခဲနဲ့ထုပြီးကစားရာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

"ကလေးတွေက ဘယ်ကနေ ကောက်တွေ့လာတာလဲ မသိဘူး။ ဗုံးသီးက လက်နက်ကြီး ၆၀ သီး။ လူကြီးတွေကလည်း သတိမထားမိဘူး။ ပေါက်ကွဲမှပဲ သိကြရတာ"လို့ ဒေသခံတဦးကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် မောင်အောင်မိုးဝေနဲ့ မောင်ခန့်မင်းလွင်တို့မှာ နေရာမှာတင်သေဆုံးသွားပြီး မောင်လင်းလင်းနိုင်မှာ ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူကိုတော့ မြို့လှဆေးရုံမှာ ဆေးကုသနေပြီး သေဆုံးသူတွေရဲ့ အလောင်းကိုတော့ရွာမှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

ဒီဗုံးသီးဟာ စစ်ကောင်စီဘက်က ကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်စဥ် မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ ဗုံးသီးဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။ 

ပဲခူးအရှေ့ခြမ်းက ရေတာရှည်၊ ကျောက်တံခါး၊ ထန်းတပင် စတဲ့မြို့နယ်တွေဘက်ကို စစ်ကောင်စီ က တိုက်ပွဲမဖြစ်ဘဲ မကြာခဏ လက်နက်ကြီးတွေနဲ့ပစ်လို့ ထိခိုက်သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ 

ဇန်နဝါရီ ၂၄ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနီး သဲကော်ကျေးရွာမှာ လမ်းဘေးကောက်တွေ့တဲ့ ဗုံးကိုဆော့ရာက ပေါက်ကွဲမှုဖြစ်ပြီး လူငယ် ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီတပ်သုံး ၆၀ မမ ဗုံးသီးများ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #မြို့လှမြို့ #ကလေးသေဆုံး #ဗုံးပေါက်ကွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10