မကွေးမှာ ကျူးကျော်ဆိုပြီး နေအိမ် ၂၅၀ ကျော်ကို ၁ လအတွင်း မဖယ်ရှားပါက အင်အားသုံးမယ်လို့ ခြိမ်းခြောက်

မကွေးမှာ ကျူးကျော်ဆိုပြီး နေအိမ် ၂၅၀ ကျော်ကို ၁ လအတွင်း မဖယ်ရှားပါက အင်အားသုံးမယ်လို့ ခြိမ်းခြောက်

မကွေးတိုင်း၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်က နေအိမ် ၂၅၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေအုပ်နဲ့ စည်ပင်တာဝန်ရှိသူတွေက ၁ လအတွင်း ဖယ်ရှားခိုင်းပြီး မဖယ်ရင်အင်အားသုံး ဖယ်ရှားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောင်မေတ္တာ (ဃ) ရပ်ကွက်၊ ရထားသံလမ်းဘေး၊ မြင်းကင်းကွင်းအတွင်း စည်ပင်ဧရိယာနဲ့ မီးရထားဧရိယာအတွင်းက နေအိမ်တွေကို ကျူးကျော်နေထိုင်တယ်ဆိုကာ ဇွန် ၆ ရက် နောက်ဆုံးထားဖယ်ရှားပေးဖို့ စည်ပင်နဲ့ထွေအုပ်က အိမ်ပိုင်ရှင်တွေဆီကို အကြောင်းကြာလာတာလို့ ဆိုပါတယ်။

"အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေထဲ ကျူးကျော်နေထိုင်တယ်ဆိုပြီး ဖယ်ခိုင်းတာ။ နေလာတာပဲ ၁၀ နှစ်ကျော်နေပြီ။ ခုလိုချက်ချင်းဖယ်ခိုင်းတော့ အကုန်ဒုက္ခရောက်ကုန်ပြီ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဖယ်ရှားခိုင်းတဲ့ ကာလအတွင်း နေအိမ်တွေအပြီးဖျက်သိမ်းကာ ဖယ်ပေးထားဖို့နဲ့ သတ်မှတ်ကာလအတွင်း မဖယ်ပေးပါက အင်အားသုံးဖယ်ရှားတာတွေရှိလာမှာဖြစ်သလို လူကိုလည်း ဥပဒေအရ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ထားတာလို့ ဆိုပါတယ်။ 

ဖယ်ရှားခိုင်းတဲ့နေရာမှာ နေထိုင်သူအများစုဟာ သာမန်လက်လုပ်လက်စား အများစုနေထိုင်ကြတာကြောင့် နေအိမ်ဖယ်ရှားပေးဖို့၊ ပြောင်းရွှေ့ဖို့ အခက်ခဲများစွာရှိနေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

လက်ရှိမှာ နေအိမ်အချို့ကတော့ စဖျက်တာတွေလုပ်နေပေးမယ့် အများစုကတော့ ဖယ်ရှား ဖျက်သိမ်းပေးဖို့အဆင်မပြေသေးတာကြောင့် မဖျက်ထားရသေးပါဘူး။ 

ခုလို ဖယ်ရှားခိုင်းတဲ့မြေနေရာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အထက်ပိုင်းကတည်းက ဒေသခံအချို့ကို အုပ်ချုပ်ရေးပိုင်းအဆင့်ဆင့်က ငွေကြေးယူကာ မြေနေရာပေး ရောင်းချထားတဲ့နေရာဖြစ်ပြီး ပိုင်ရှင်အဆင့်ဆင့် လက်ပြောင်းရောင်းဝယ်ပြီး ဝယ်ယူနေထိုင်ခဲ့ကြတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း အောင်မေတ္တာ (ဃ) ရပ်ကွက်နဲ့ အောင်စေတနာရပ်ကွက်အတွင်းက နေအိမ် ၅၀၀ နီးပါးကိုပါ ကျူးကျော်နေထိုင်တယ်ဆိုပြီး ဖယ်ရှားခိုင်းခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - စစ်ကောင်စီဖယ်ရှားခိုင်းခဲ့သည့် အောင်မေတ္တာ (ဃ) ရပ်ကွက်က နေအိမ်တချို့။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နေအိမ် #ရွှေ့ခိုင်း #စစ်ကောင်စီ #ခြိမ်းခြောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10