မင်းကွန်းရဲစခန်းထဲက စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေ ဒဏ်ရာရသူများပြား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက မင်းကွန်းရဲစခန်းထဲမှာ တပ်စွဲထားတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၄၃ ဦးဝန်းကျင်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း၊ တပ်ခွဲ ၄ Bo Tiger-ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။

မင်းကွန်းရဲစခန်းထဲက စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ကို ဇူလိုင် ၆ ရက် ညနေ ၆ နာရီကျော်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခံရတာဖြစ်ပြီး တိုက်ပွဲကြာချိန် ၁ နာရီခွဲ ဝန်းကျင်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် မင်းကွန်းရဲစခန်းထဲက ရဲ ၁ ဦး နဲ့ ပျူစောထီး ၂ ဦး သေပြီး ၁၀ ဦးလောက်ဒဏ်ရာရတယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း၊ တပ်ခွဲ ၄ Bo Tiger-ဗိုလ်ကျားကြီး ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။ 

"ကျနော်တို့ စခန်းကိုသိမ်းဖို့အထိ ရည်မှန်းချက်နဲ့ ဝင်တိုက်ခဲ့တာ။ စခန်းသိမ်းဖို့ဟာက မအောင်မြင်ခဲ့ဘူး။ စစ်ကောင်စီဘက်က အရှေ့ဘက်က နန်းတော်ကျွန်းနဲ့ သုံးဆယ်ပြည့်တွေဘက်က ပစ်ကူပေးတယ်။ ပြီးတော့လေကြောင်းကနေ ပစ်ကူပေးဖို့ခေါ်တယ်လို့ ကြားတာကြောင့် ကျနော်တို့ပြန်ဆုတ်ခဲ့ရတယ်။" လို့ သူက ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပြီးနောက် မင်းကွန်းရဲစခန်းထဲမှာက သေဆုံးတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို နီးစပ်ရာဆေးရုံနဲ့ ဆေးခန်းကို ပို့ဖို့ပြင်ဆင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ အဆိုပါ မင်းကွန်းရဲစခန်းထဲမှာ တပ်မ ၃၃ စစ်သား၊ မင်းကွန်းရဲစခန်းက ရဲတွေနဲ့ ပျူစောထီးတွေက တပ်စွဲနေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း၊ တပ်ခွဲ ၄ BO-TIGER ဗိုလ်ကျားကြီးတပ်ဖွဲ့၊ တောဒေါင်းနီ -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘီလူးညီနောင် -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ တော်လှန်ရေးအင်အားစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မင်းကွန်းရဲစခန်း #တိုက်ခိုက် #ဗိုလ်ကျားကြီး #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10