မင်းတုန်းနယ်ထဲ စစ်ကြောင်းထိုးပြီး ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ် ၃ ဦး စစ်ကြောင်းပြန်ထွက်ချိန်အထိ လွတ်မလာ    ■ စစ်ကြောင်းထိုးစဉ် ဒေသခံတွေရဲ့ငွေနဲ့ပစ္စည်း ကျပ်သိန်း ၇၀၀ ဖိုးခန့် လုယူသွားတယ်လို့ဆို

မင်းတုန်းနယ်ထဲ စစ်ကြောင်းထိုးပြီး ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ် ၃ ဦး စစ်ကြောင်းပြန်ထွက်ချိန်အထိ လွတ်မလာ ■ စစ်ကြောင်းထိုးစဉ် ဒေသခံတွေရဲ့ငွေနဲ့ပစ္စည်း ကျပ်သိန်း ၇၀၀ ဖိုးခန့် လုယူသွားတယ်လို့ဆို

 မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကကျေးရွာတွေကို စစ်ကောင်စီတပ်က တပတ်ကျော်ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး စစ်ကြောင်းထိုးစဉ်အတွင်း ဒေသခံတွေရဲ့နေအိမ်တွေကနေ ပစ္စည်းတွေလုယူသွားသလို ဖမ်းဆီးခံထားရတဲ့ လူငယ် ၃ ဦးလည်း စစ်ကြောင်းပြန်ထွက်ချိန်အထိ ပြန်လွတ်မလာဘူးလို့ မင်းတုန်းမြို့နယ်ပကဖထံက သိရပါတယ်။ 

အောက်တိုဘာ ၄ ရက်မှာ စတင်ဝင်ရောက်လာတဲ့ စစ်အင်အား ၁၀၀ ခန့်ပါ အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၀ ရက် မနေ့က ပြန်လည်ထွက်ခွာသွားပြီးထွက်ခွာချိန်မှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၃ ဦး ပြန်လွတ်မလာတာကြောင့် မိသားစုဝင်တွေဘက်က စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“ ကျောက်ဖျာလည်ရွာကနေ ဖမ်းသွားတဲ့ ပြည်သူတွေ ပြန်မလွတ်သေးဘူးလို့ သတင်းရတယ်။ အဲ့လိုပဲ အခြားရွာတွေကနေပြီးတော့ ဖမ်းဆီးတဲ့ပြည်သူတွေရှိတယ်။” လို့ မင်းတုန်းပကဖတာဝန်ခံ ကိုဗဟိန်းက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကျောက်ဖျာလည်ကျေးရွာနေ အသက် ၂၀ ကျော်အရွယ် လူငယ် ၃ ဦးဖြစ်ပြီး စစ်ကြောင်းဝင်ရောက်တဲ့ ဒုတိယမြောက်နေ့ အောက်တိုဘာ ၅ ရက်မှာ စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။

မင်းတုန်းမြို့နယ် ကျောက်ဖျာလည်၊ တိုင်းတား၊ သမင်ကတုတ်၊ ခုန်တိုင်းကျင်း၊ မြုံးဝ စတဲ့ရွာတွေကို ဝင်ရောက်ခဲ့တာဖြစ်ကာ စစ်ကြောင်းကြောင့် ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေချိန် နေအိမ်တွေကနေ ရွှေ၊ ငွေတွေနဲ့ အခြားပစ္စည်းတွေကို စစ်ကောင်စီစစ်ကြောင်းက ခိုးယူသွားပြီး စုစုပေါင်းတန် ဖိုး သိန်း ၇၀၀ ဝန်းကျင်ရှိတယ်လို့  မင်းတုန်းမြို့နယ်ပကဖက ဆိုပါတယ်။

“ ၁ ရွာ ၁ ရွာကို ၁ ရက် ၂ ည အဲ့လိုမျိုးလေးတွေ နေနေပြီးတော့မှ သွားလိုက်တာ။ ၁ ပတ်တိတိ စစ်ကြောင်းပတ်ထိုးသွားတယ်။ စစ်ကြောင်းလာလို့  ပြည်သူတွေက ကြိုတင်ရှောင်တိမ်းတဲ့အခါမှာတော့ သူတို့ကလူလွတ်ရင်ရတယ် ဒီရွှေတွေ၊ငွေတွေတော့ ခိုးလောက်မယ်လို့မထင်ခဲ့လို့ အိမ်မှာချန်ခဲ့တာ အဲလိုတွေဖြစ်ကုန်တာ။” လို့ ၎င်းက ဆက်ပြောပါတယ်။

ယင်းစစ်ကောင်စီစစ်ကြောင်းဟာ မင်းလှမြို့နယ်၊ မလွန်ရွာအခြေစိုက် ကပစ ၂၊ ကုန်းကြီးရွာအခြေစိုက် ကပစ ၁၀ နဲ့ သရက်မြို့အခြေစိုက် ကပစ ၁၂ စတဲ့တပ်ရင်းတွေရဲ့  ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး အင်အား ၁၀၀ ခန့်ပါရှိတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီ ကပစတပ် စစ်သားများ။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #မင်းတုန်း #စစ်ကြောင်းထိုး #ဖမ်ဆီး #ခိုးယူ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10