မင်းတုန်းနယ်ဘက်ကိုပြန်လာတဲ့ စစ်ကားတစီးတိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိသလို ဒုဗိုလ်မှူးကြီးအပါ ၁၅ ဦး ဒဏ်ရာရ

မင်းတုန်းနယ်ဘက်ကိုပြန်လာတဲ့ စစ်ကားတစီးတိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိသလို ဒုဗိုလ်မှူးကြီးအပါ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် တိုင်တားကျေးရွာကနေပြန်လာတဲ့ စစ်ကားတစီးတိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိပြီး ဒုဗိုလ်မှူးကြီးတဦးအပါအဝင် ၁၅ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ Mindon Township People Defense Organization က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၇ ရက် မနေ့က ညနေ ၅ နာရီ  မိနစ် ၂၀ လောက်မှာ အင်အား ၄၀ နီးပါးစီးနင်းလိုက်ပါလာတဲ့ စစ်ကောင်စီကားတစီးဟာ ကျောက်တိုင်ကျေးရွာနဲ့ ပန်းပင်ကုန်းကျေးရွာအကြား လမ်းပိုင်းတနေရာအရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ၁၀ ပေ အကွာကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ပစ်ခတ်ခဲ့တဲ့အတွက် ကားခေါင်းမှာလိုက်ပါလာတဲ့ ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်းရဲ့ ဗိုက်၊ ပေါင်နဲ့ လက်မောင်းကို ကျည်ထိမှန်ဒဏ်ရာရရှိသွားပြီး ကားနောက်မှာ လိုက်ပါလာတဲ့ ရဲဘော်တွေထဲမှ ၆ ဦး ပွဲချင်းပြီး သေဆုံးသွားသလို ၁၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ ၆ ယောက်သေတယ်။ ၂ ယောက်လောက်ကတော့ ကံကောင်းတယ်လို့ ပြောလို့ရတယ်။ ခေါင်းခန်းထဲမှာ လိုက်ခဲ့တဲ့ ဗိုလ်မှူးလည်းထိတယ်။ သူ့လည်း မင်းတုန်းမှာ မနိုင်တော့လို့ သရက်ဆေးရုံ အထိပြောင်းသွားရတယ်၊ ကားသမားမထိတဲ့အတွက် သူတို့မောင်းပြေးသွားနိုင်တာ” လို့ မင်းတုန်းပကဖတာဝန်ခံ ကိုဗဟိန်းက ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက်မှာ အဆိုပါ ဖောကားဟာ ရှမ်းကြီးရွာမှာ ကျန်နေခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဆီ မောင်းသွားပြီး အဲဒီကနေတဆင့် မင်းတုန်းဆေးရုံကို ဆက်မောင်းသွားတယ်လို့သိရပါတယ်။

ဒဏ်ရာရတဲ့သူတွေ ဆေးရုံရောက်တဲ့အခါ အခြားဆေးရုံလာတက်တဲ့ပြည်သူတွေကို ဆေးရုံထဲဝင်ရောက် ဆေးကုသခွင့် ပိတ်ထားတဲ့အပြင် မြို့အတွင်းကိုလည်း အရေးပေါ်မာရှယ်လောထုတ်တာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

“သူတို့ပဲ (ဆေးရုံ)တရုံလုံးကို အော်ဒါစွဲကုတာ၊ ကုပြီးတော့ မနိုင်တဲ့အဆုံး မနက်စောစော သရက်ကို ပြေးတယ်။ သရက်မှာ မနိုင်တဲ့ဟာတွေကို မကွေးကို ထပ်ပို့တယ်” လို့ ကိုဗဟိန်းက ဆက်ပြောပါတယ်။

အထက်ပါ တိုက်ခိုက်မှုကို မင်းတုန်းမြို့နယ် ပ . က. ဖ ၊ မင်းလှမြို့နယ် ပ . က. ဖ ၊ မကွေးမြို့နယ် ပ . က . ဖ ၊ United States Of Burma Army - USBA  ၊ West River Army - WRA  ၊ Key Of Revolution Guerrilla Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင် ၁၇ မနက် ၄ နာရီလောက်မှာ သရက်ကျေးရွာကနေ  ပုသိမ် − မုံရွာလမ်းပေါ်မှာရှိတဲ့ ရှမ်းကျေးရွာထဲကို ဒရုန်းတွေ နဲ့ ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း  ပစ်ခတ်ခဲ့ပါ တယ်။ အလားတူ ဒီနေ့မှာ ကား ၂ စီး နဲ့ ရှမ်းကုန်းကျေးရွာထဲကို ဝင်ရောက်ခဲ့ကာ တစီးကတော့ အဆိုပါ ကျေးရွာ မှာနေခဲ့ပြီး ကျန်တစီးကတော့ တိုင်တားကျေးရွာဘက်ကို ဆက်လက်မောင်းနှင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ ။ မုံရွာ − ပုသိမ်လမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းကြောင်းလုံခြုံရေး စစ်ဆေးနေပုံ။

စာတည်း −လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #သရက်ခရိုင် #မင်းတုန်းမြို့ #တိုင်တားကျေးရွာ #စစ်ကား #ဒုဗိုလ်မှူးကြီး #ကိုဗဟိန်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10