သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နဲ့ စလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းပိုင်း မဲဇလီကျေးရွာအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၂၉ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ ဆီက သိရပါတယ်။
မင်းတုန်းမြို့နဲ့ ၅ မိုင်ခန့်အကွာရှိ မဲဇလီရွာအနီးက စစ်သား ၈ ဦးခန့်ကို ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပြီးနောက် စစ်သား ၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
"ကျနော်တို့ဘက်က အီနာဂါနှစ်လုံး စပစ်တယ်။ လက်နက်ငယ်ပစ်တဲ့အချိန် စစ်တပ်ကလည်း ပြန်ပစ်တယ်။ စစ်သားတွေ သေဆုံးဒဏ်ရာရခဲ့တယ်" လို့ သရက်ခရိုင်တပ်ရင်း ၄ သတင်းတာဝန်ခံ ကိုမြတ် ကပြောပါတယ်။
သေဆုံးဒဏ်ရာရတဲ့စစ်သားတွေကို အဲ့ဒီနေ့ညနေပိုင်းမှာပဲ ဖောကားနဲ့ ဥသျှစ်ပင်မြို့နယ်ဘက်ကို သယ်သွားတယ်လို့ သိရပြီး အဲ့ဒီအခြေအနေကို မြေပြင်သတင်းပေးချက်တွေအရ သိရတယ်လို့ ဆိုပါတယ်။
အလားတူ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဥ်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၂၇ ရက်ညနေ ၃ နာရီခွဲကနေ ည ၁၀ နာရီလောက်အထိ ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း အဖွဲ့ဆီက သိရပါတယ်။
သရက်ချဥ်ကျေးရွာအနီးမှာ အင်အား ၁၅၀ ဝန်းကျင်နဲ့ တပ်ဖြန့်စစ်ကြောင်းထိုးနေတဲ့ တပ်မ ၈၈ က စစ်ကောင်စီတပ်သားတွေကို နေရာခွဲ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာပါ၊ သူတို့က သရက်ချဉ်ကျေးရွာအနီး ကင်းပုန်းတွေဝပ်ပြီး တပ်တွေဖြန့်ထားတာ၊ ချောင်းမြောက်ဘက်ကမ်းက မြောင်းဂွရွာ၊ ညောင်ကုန်းရွာတွေကို သူတို့ဘက်က လက်နက်ကြီးနဲ့ပစ်နေတာ၊ အဲ့ဒီအချိန်မှာ ကျနော်တို့ဘက်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာ၊ ကျနော်တို့ တိုက်ခိုက်ခဲ့တာ ၃ နေရာပါ၊” လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ JOKER က ပြောပါတယ်။
ဗုံးကြဲချတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးအထိုင်ထားတဲ့နေရာကို အဓိကတိုက်ခိုက်ခဲ့ရာ ၆၀ မမ၊ ကွန်မန်ဒိုပြောင်း၊ ၁၂၀ မမ အပါအဝင်လက်နက်ကြီးတွေနဲ့လည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီအဖွဲ့ဟာ အောက်တိုဘာ ၂၆ ရက်ကတည်းက စစ်ကြောင်းစထိုးနေတာဖြစ်ပြီး ဆင်ဖြူကျွန်း၊ စလင်းနဲ့ တညောင်ရဲစခန်းကရဲတွေလည်းပါဝင်သလို ကြေးစားစစ်သားလို့ ယူဆရသူ တချို့လည်း ပါဝင်တယ်လို့သိထားရကြောင်း တာဝန်ခံ JOKER က ပြောပါတယ်။
ဒီအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိအချိန်အထိလည်း စစ်ကောင်စီအဖွဲ့ဟာ သရက်ချဥ်ရွာက နေအိမ်တွေမှာတပ်စွဲနေထိုင်နေကြ တယ်လို့ သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၇ ရက်မှာပဲ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ကြားမှာ စစ်ကောင်စီနဲ့ PDF တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြပြီး ဒေါင်းစစ်အောင် Local PDF အဖွဲ့က အသက် ၁၇ နှစ်အရွယ် ရဲဘော် ဂျုတ်ကြီး (ခ) ခန့်စည်သူလွင် ကျဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #မင်းတုန်း #ဆင်ဖြူကျွန်း #စစ်ကောင်စီ #တိုက်ခိုက်
Share Share Share