မင်းတုန်းမှာ စစ်တပ်ကားကို PDF က စောင့်ကြိုတိုက်ခိုက်လို့ ၃ ဦးသေဆုံး

မင်းတုန်းမှာ စစ်တပ်ကားကို PDF က စောင့်ကြိုတိုက်ခိုက်လို့ ၃ ဦးသေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ စစ်တပ်ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

ဇွန် ၂၇ ရက် မနက် ၈ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးခန့်လိုက်ပါလာတဲ့ စစ်တပ်ဖောကား ပုသိမ်-မုံရွာလမ်းအတိုင်း မောင်းနှင်လာစဉ် မင်းတုန်းမြို့အထွက် မဲဇလီကျေးရွာအရောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" ကားလမ်းပေါ်မှာတိုက်ပွဲဖြစ်တော့ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ထိတွေ့မှုက ၁၀ မိနစ်လောက်ပဲကြာတယ်။ စစ်တပ်ဘက်က ဗိုလ်အဆင့် ၁ ယောက်နဲ့ ရဲ ၂ ယောက်သေတာ အတည်ပြုနိုင်ပါတယ်" လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းသတင်းတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူအများအပြားရှိပြီး ဒဏ်ရာရသူတွေကို သရက်ဆေးရုံနဲ့ ကံမမြို့နယ် ၊ ကြို့ပင်ဆေးရုံတို့မှာ ဆေးကုသပေးနေတယ်လို့ သူကဆက်ပြောပါတယ်။

မဲဇလီရွာအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေကလည်း အတည်ပြုပါတယ်။

“ ၂၆ ရက်နေ့မှာ မဲဇလီက ဒလန်တယောက်အရှင်းခံရတာနဲ့ပတ်သက်ပြီး အဲ့ဒီ ၂၇ ရက်မနက်ပိုင်းမှာ စကစ က လိုက်လာတာမှာ လမ်းကဖြတ်တိုက်လို့ တိုက်ပွဲတွေဖြစ်ကြတယ်” လို့ မင်းတုန်းဒေသခံတဦးက ပြောပါတယ်။

တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းနဲ့ ကျောင်းသားလက်ရုံးတပ်တော် SAF တို့ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်ကလည်း မင်းတုန်းမြို့၊ ရှမ်းတပ်တိုက်နယ်၊ ဘန့်ပြင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့စစ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်နေကြစဥ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#သရက်ခရိုင် #မင်းတုန်း #PDF #တိုက်ပွဲသတင်း #တပ်ရင်း၄ #SAF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10