မင်းအောင်လှိုင်ကို အမှုဖွင့်တရားစွဲပြီး ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေ အဆိုတင်သွင်း

မင်းအောင်လှိုင်ကို အမှုဖွင့်တရားစွဲပြီး ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေ အဆိုတင်သွင်း

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ရဲ့ ရှေ့နေ ကာရင်မ်အေအေခန်းက စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ကို ရခိုင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေမှာ အဓိကတာဝန်ရှိသူအဖြစ် အမှုဖွင့်တရားစွဲပြီး ဖမ်းဝရမ်းထုတ်ဖို့ ICC တရားသူကြီးတွေထံ အဆိုတင်သွင်းလိုက်ပါတယ်။ 

သူတို့အဖွဲ့အနေနဲ့  ၂၀၁၆ ကနေ ၂၀၁၇ အတွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ကို အစုလိုက်အပြုံလိုက်ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ နောက်ဆက်တွဲဂယက်တွေကို ၂၀၁၉ နိုဝင်ဘာကတည်းက စုံစမ်းစစ်ဆေးခဲ့ရာမှာ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်မှာ တာဝန်ရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ 

“လူမျိုးတုံးသတ်ဖြတ်မှု တရားခံ မင်းအောင်လှိုင် အတွက် ဖမ်းဝရမ်းထုတ်ဖို့ အဆိုတင်သွင်းတာဟာ အခုထက် မြန်မြန်ဆန်ဆန်ဖြစ်ခဲ့သင့်ပေမယ့် ဒီအချိန်မှာဖြစ်လာတာကို အားရကျေနပ် ဝမ်သားစရာ တိုးတက်မှုတခုလို့ မှတ်ယူပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အတင်းအကြပ်နေရပ်စွန့်ခွာစေမှုအတွက် တရားမျှတမှုဆီကို ခြေတလှမ်းရှေ့တိုးတာပေါ့။ ဒါက မင်းအောင်လှိုင်အမိန့်နဲ့ သတ်ဖြတ်ခံရတဲ့ အပြစ်မဲ့မြန်မာပြည်သူအားလုံးအတွက်လည်း တရားမျှတမှု တခုပါပဲ။ အခုဖမ်းဝရမ်းအတွက် အဆိုတင်သွင်ခြင်းကတဆင့် မင်းအောင်လှိုင်ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုမရမချင်း နိုင်ငံတကာအစိုးရတွေကို ကျွန်တော်တို့တွေ ဆက်လက်တွန်းအားပေးသွားမှာပါ။” လို့  ၂၀၁၂ ကတည်းက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ Fortify Rights ရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးတာဝန်ခံ Ejaz Min Khant က ပြောပါတယ်။ 

မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နဲ့ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားတွေ ၂၀၁၇ ဩဂုတ်ကနေ ဒီဇင်ဘာအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ဝန်ခံထွက်ဆိုချက်များစွာနဲ့ ခိုင်လုံတဲ့ မှတ်တမ်းတွေကို အခြေပြုပြီး တရားစွဲတာလို့ ICC ရှေ့နေရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

လိုအပ်တဲ့ သက်သေစုဆောင်းရာမှာ အရပ်ဘက်နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ကို တရားလိုလုပ် တရားစွဲဆိုတဲ့ ICC ရဲ့ ရှေ့နေ ကာရင်မ်အေအေခန်းက မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေနေထိုင်တဲ့ ကော့ဘဇားဒုက္ခသည်စခန်းကို သူကိုယ်တိုင်သွားရောက်ကာ ထွက်ပြေးလာသူတွေနဲ့လည်း တွေ့ဆုံစကားပြောခဲ့တယ်လို့လည်း ပြောပါတယ်။  

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာအစိုးရ အဆင့်မြင့်ရာထူးတွေထဲက ICC မှာ ပထမဆုံးတရားစွဲခံရတဲ့ ပထမဆုံးသောလူပုဂ္ဂိုလ် ဖြစ်ပါတယ်။

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အဆိုတင်သွင်းတာကို ICC တရားသူကြီးတွေအနေနဲ့ လက်ခံခဲ့ရင် အမည်စာရင်းအလိုက် တဦးချင်းဆီဖမ်းဖို့ကိုလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ ရှေ့နေ ကာရင်မ်အေအေခန်းက ပြောပါတယ်။ 

၂၀၁၇ က ရခိုင်ပြည်နယ်မြောက်ပိုင်းအကြမ်းဖက်မှုတွေအတွင်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာအစိုးရကို ဂမ်ဘီယာနိုင်ငံက ၂၀၁၉ မှာ တရားစွဲဆိုခဲ့ရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတက် ခုခံချေပခဲ့ပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးအကျဉ်းချထားပြီး နောက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ICJ မှာ ဆက်လက်ခုခံချေပခဲ့ပါတယ်။

၂၀၁၆-၁၇ ကာလ မြန်မာစစ်တပ်နဲ့ ARSA လက်နက်ကိုင်အဖွဲ့ကြား တိုက်ခိုက်မှုတွေမှာ  ရိုဟင်ဂျာထောင်ချီ သေဆုံးကာ ၇ သိန်းခန့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်ဆိုတဲ့ ကုလသမဂ္ဂနိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့လက်ချက်နဲ့ အရပ်သား ၆ ထောင်နီးပါးသေဆုံးခဲ့ရပြီး ၂ သောင်းကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ အေအေပီပီရဲ့ ဒီနေ့မှတ်တမ်းမှာ တွေ့ရပါတယ်။ နိုင်ငံအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့လူနေအိမ်ပေါင်း ၁ သိန်းကျော်ရှိပြီး စစ်ကိုင်းတိုင်းတခုတည်းမှာ နေအိမ် ၇ သောင်းကျော်ရှိတယ်လို့ Data for Myanmar ရဲ့ နိုဝင်ဘာလ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် အရေအတွက် ၆ ဒသမ ၆ သန်းကျော်ရှိနေပြီး ၂ ဒသမ ၈ သန်းကျော်က စစ်ကိုင်းတိုင်းက ဖြစ်တယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

##ရာဇဝတ်ခုံရုံး #ICC #မင်းအောင်လှိုင် #ရခိုင် #ဖမ်းဝရမ်းထုတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10