မစ်ဒယ်ဝိတ်ချန်ပီယံလုပွဲဆီသို့ အောင်လအန်ဆန်းရဲ့ တကျော့ပြန်ခရီး (အားကစားဆောင်းပါး)

မစ်ဒယ်ဝိတ်ချန်ပီယံလုပွဲဆီသို့ အောင်လအန်ဆန်းရဲ့ တကျော့ပြန်ခရီး (အားကစားဆောင်းပါး)

၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်တွေက ဝမ်းချန်ပီယံရှစ်မှာ ဒတ်ချ်ဖိုက်တာ ရိုင်နီယာဒီရစ်ဒါကိုရှုံးပြီး မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်တွေ လက်လွှတ်ခဲ့ရပြီးနောက် မြန်မာပြည်ဖွား ကချင်ဖိုက်တာ အောင်လအန်ဆန်းရဲ့ခရီးကြမ်း စတင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဝမ်းချန်ပီယံရှစ်လို့ နာမည်ကျော်လာတဲ့သမိုင်းမှာ ချန်လှပ်ခဲ့လို့မရတဲ့ မြန်မာစပါးအုံးမြွေဟာ ခါးပတ်ပွဲ ၂ ပွဲဆက်အရှုံးနောက်ပိုင်း ၅ ပွဲ ထိုး၊ ၄ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ်အပြင် နောက်ဆုံး ၃ ပွဲဆက် အလဲထိုးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အာရှရဲ့အကြီးဆုံး တိုက်ခိုက်‌ရေးအားကစားပွဲစီစဉ်သူ ဝမ်းချန်ပီယံရှစ်ဟာ မြန်မာဖိုက်တာကို စာချုပ်သစ်ကိစ္စ၊ ပွဲပေးဖို့ကိစ္စတွေ တော်တော်ကို ကြန့်ကြာခဲ့ပါတယ်။ ကာယကံရှင်ဖိုက်တာနဲ့ ပရိသတ်တောင်းဆိုမှုကြောင့် အောင်လအန်ဆန်းကို ဝမ်းချန်ပီယံရှစ်ဘက်က စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် ပွဲတည်ပေးဖို့ ထပ်မံနှောင့်နှေးခဲ့ပြန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ပရိသတ်နဲ့ ဖိုက်တာရဲ့ တောက်လျှောက်တောင်းဆိုမှုကို ဝမ်းချန်ပီယံရှစ်ဟာ မကြားချင်၊ မမြင်ချင်ဟန်ဆောင်လို့ မရတော့ဘဲ ရှုံးပွဲမရှိ တူရကီဖိုက်တာ ရှမီးလ်အာဒိုဂန်နဲ့ ONE:168 ဒန်ဗာမှာ တွဲဆိုင်းစီစဉ်ထားကြောင်း ဇွန်လနှောင်းပိုင်းမှာ အတည်ပြုသတင်း ထုတ်ပြန်လိုက်ရပါတော့တယ်။

၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့မှာ နောက်ဆုံးပွဲထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်းရဲ့ ပြိုင်ဘက် အာဒိုဂန်ဟာ တူရကီကိုယ်စားပြုဖိုက်တာဖြစ်ပေမယ့် ရုရှားမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ရုရှားဖိုက်တာပါ။ အသက် ၃၄ နှစ်အရွယ်ရှိပြီး ဖိုက်တာဘဝမှတ်တမ်း ၉ ပွဲလုံးအနိုင်ရထားကာ အရပ်အမြင့် ၆ ပေ ၂ လက်မရှိတာကြောင့် အောင်လအန်ဆန်းထက် ၁ လက်မ ပိုမြင့်ပါတယ်။ နိုင်ပွဲ ၉ ပွဲမှာ ၅ ပွဲ အလဲထိုးထားကာ ၄ ပွဲကို လက်သီးထိုးချက်၊ ခြေကန်ချက်တွေနဲ့ နိုင်ခဲ့တာဖြစ်ပြီး ကျန် ၁ ပွဲကတော့ ချုပ်ကွက်နဲ့ နိုင်ထားပါတယ်။

အာဒိုဂန်က နပန်းပိုင်းကို အဓိကထားပေမယ့် လက်သီးနဲ့ ခြေကန်ချက်တွေမှာလည်း ထိကျ ပါဝါရှိတဲ့ ဖိုက်တာဆိုတာ အလဲထိုးနိုင်ပွဲ ၄ ပွဲက သက်သေပြနေပါတယ်။ ဘယ်သန်ကစားသမားဖြစ်ပြီး လက်သီး တွဲလုံးတွေကို အောက်ထောက်ခတ်‌ခြေ၊ အမြင့်ကန်ချက်တွေနဲ့ တွဲစပ်သုံးကာ ပြိုင်ဘက်ခါးကို ဆွဲဖက်လှဲချတတ်ပါတယ်။ အမှတ်နဲ့နိုင်ခဲ့တဲ့ ၄ ပွဲလုံးမှာ ပြိုင်ဘက်ကို အဲဒီသတ်ကွက်နဲ့ ကြမ်းပေါ်လှဲချပြီး တပွဲလုံး အသာစီးယူထိန်းချုပ်တဲ့ပုံစံနဲ့ အနိုင်ရထားပါတယ်။

လျင်မြန်မှုနဲ့ နပန်းသက်လုံကို ဦးစားပေးထိုးသတ်တာကတော့ မြန်မာဖိုက်တာ သတိထားရမယ့် အချက်တွေလို့ ယူဆရပါတယ်။ အခုပွဲမှာ အောင်လအန်ဆန်းအတွက် အားသာချက်ဖြစ်လာမှာက ရှေ့ခင်းခြေကို ဘယ်၊ ညာပြောင်းကစားတတ်တဲ့အချက်ဖြစ်ပြီး အောင်လအန်ဆန်းရဲ့ နံကြားနဲ့ အမြင့်ကန်တဲ့ ဘယ်ခြေတွေက အာဒိုဂန်ကို ဆွဲလှဲလို့မရအောင် တားဆီးပါလိမ့်မယ်။ Stand Fight နဲ့ Ground Fight နှစ်မျိုးလုံးပိုင်နိုင်တဲ့ အောင်လအန်ဆန်းဟာ သူ့ဖိုက်တာမှတ်တမ်း ၄၄ ပွဲမှာ အလဲထိုးနိုင်ပွဲ ၁၅ ပွဲ၊ နပန်းချုပ်ကွက်နဲ့နိုင်ပွဲ ၁၃ ပွဲ ရှိထားပါတယ်။

နပန်းပိုင်းအားပြုလာမယ့် အာဂိုဂန်ကိုရင်ဆိုင်ဖို့ အောင်လအန်ဆန်းဟာ UFC ဖိုက်တာ ကာမာရု အူစမန်ရဲ့ညီ UFC ဟဲဗီးဝိတ်ဖိုက်တာ မိုဟာမက်အူစမန်နဲ့လေ့ကျင့်ပြီး ကြိုတင်ပြင်ဆင်နေပါတယ်။ အာဒိုဂန်ကို ၃ ချီမှာ ပွဲသိမ်းမယ်လို့ ကြုံးဝါးထားတဲ့ အောင်လအန်ဆန်းက “ဒီပွဲမှာ နပန်းပိုင်းကော ထိုးလုံး သတ်ကွက်ပါ ကျနော့်ဘက်က အကြမ်းစားဖြစ်နေဖို့ လိုတယ်”လို့ ပြောထားပါတယ်။ ထိုးလုံးကုန်တဲ့အချိန် ခါးဖက်ဆွဲလှဲမယ့် ဘယ်တည်ဖိုက်တာ အာဒိုဂန်ကို အောင်လအန်ဆန်းက အဝင်တွေမှာ အချိန်ကိုက်တိုက်မယ့် ဘယ်ဒူးတွေ၊ ပါဝါကြီးကြီးနဲ့ကန်မယ့် ဘယ်ခြေအမြင့်ကန်ချက်တွေ၊ ဘယ်ကန့်လန့်ဒူးတွေက ပွဲသိမ်းတိုက်ကွက်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

အခုပွဲက သာမန် ၅ မိနစ် ၃ ချီပွဲသာဖြစ်ပေမယ့် နိုင်တဲ့ဖိုက်တာဟာ ဝမ်းချန်ပီယံရှစ်ရဲ့ ဝိတ်တန်း ၃ တန်းချန်ပီယံ အနာတိုလီမာလီခင်နဲ့ မစ်ဒယ်ဝိတ်ချန်ပီယံလုပွဲနွှဲဖို့ ရာနှုန်းပြည့်သေချာပါတယ်။ မာလီခင်က ပြီးခဲ့တဲ့ မတ်လမှာ ဒီရစ်ဒါကို ဒုတိယအကြိမ်အနိုင်ယူပြီး မစ်ဒယ်ဝိတ်ခါးပတ်ရခဲ့ပေမယ့် ချန်ပီယံဟောင်း ဒီရစ်ဒါက ဝမ်းချန်ပီယံရှစ်နဲ့ စာချုပ်ကိစ္စ အရှုပ်အရှင်းတွေဖြစ်နေလို့ မကျေပွဲဖြစ် လာနိုင်ဖွယ်မရှိတဲ့အပြင် မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်လုဖို့လည်း ပြိုင်ဘက်ဖိုက်တာလိုအပ်နေတာမို့ အနိုင်ရတဲ့ဖိုက်တာအတွက် မစ်ဒယ်ဝိတ်ခါးပတ်က လက်တကမ်းကို ရောက်လာမှာပါ။

ဒီပွဲအနိုင်အရှုံးဟာ အသက်အရွယ်အရ အောင်လအန်ဆန်းရဲ့ ရှေ့အလားအလာကို ဆုံးဖြတ်ပေးနိုင်တဲ့အနေအထားရှိတာမှန်ပေမယ့် ဝမ်းကစီစဉ်တဲ့ သောကြာည လုမ္ပနီပွဲတွေမှာ ရိုးရာဖိုက်တာ ထွန်းထွန်းမင်းရဲ့ညီ ထွန်းမင်းအောင်ပွဲရအောင် အောင်လအန်ဆန်းက နှစ်ကြိမ်ချိတ်ဆက်ပေးနိုင်တဲ့ အနေအထားကိုကြည့်ရင်တော့ စာချုပ်နဲ့ ပွဲကိစ္စနောက်ပိုင်း ဝမ်းနဲ့ အောင်လအန်ဆန်းကြား ဆက်ဆံရေး အဖုအထစ် မရှိဘူးဆိုတာ သတိထားမိမှာပါ။

ဒါ့အပြင် ဝမ်းချန်ပီယံရှစ်လို့ နာမည်စကြီးလာချိန်က အောင်လအန်ဆန်းနဲ့ မြန်မာပရိသတ်ထုရဲ့အားက ဝမ်းချန်ပီယံရှစ်ကို အမြင့်ဆုံးဆွဲတင်ပေးထားတာလည်း ရှိပါတယ်။ လက်ရှိမှာ ဝမ်းဟာ သောကြာည လုမ္ပနီပွဲတွေမှာ စိုးလင်းဦး၊ သွေးသစ်ဝင်းလှိုင်တို့လို ထိပ်တန်းမြန်မာဖိုက်တာတွေကို ပွဲပေးပြီး မြန်မာပရိသတ်အာရုံစိုက်အောင် လုပ်လာပေမယ့် အောင်လအန်ဆန်းနဲ့အတူ ဖော်ထုတ်ခဲ့တဲ့ မြန်မာကိုယ်ခံပညာစုံအားကစားပရိသတ် ပမာဏကိုတော့ ဘယ်လိုမှ မမီနိုင်သေးပါဘူး။

ပြီးတော့ ဝမ်းချန်ပီယံရှစ်ရဲ့ ကိုယ်ခံပညာစုံအားကစားဖိုက်တာစာရင်းမှာ မြန်မာကိုယ်စားပြုတာ အောင်လအန်ဆန်း တဦးတည်းရှိတော့သလို ဖြစ်နေပါတယ်။ ဖိုးသော်က စစ်အာဏာရှင်ဆန့်ကျင်လို့ အကျဉ်းချခံထားရသလို စိုင်းဉာဏ်လင်းကလည်း ဇာတိမြေ ကရင်နီပြည်မှာ တော်လှန်ရေးတပ်သား ဖြစ်နေပါတယ်။ အလားအလာကောင်းတဲ့ မွန်ဖိုက်တာ ပုညစိုင်းကလည်း ဝမ်းချန်ပီယံရှစ်ကို ရောက်မလာခဲ့လို့ လက်ရှိမှာ အောင်လအန်ဆန်းတဦးသာ မြန်မာဖိုက်တာအဖြစ်ရှိနေပါတယ်။ ဒါကြောင့် ဝမ်းချန်ပီယံရှစ်ဟာ မြန်မာပရိသတ်အင်အား ဆက်တည်ဆောက်နိုင််ဖို့ အောင်လအန်ဆန်းကို ပွဲဆက်ပေးပြီး အနာဂတ်ဆက်တည်ဆောက်ပါလိမ့်မယ်။

အောင်လအန်ဆန်းဟာ အခုအချိန်မှာ အသက် ၄၀ ထဲကို ဝင်ရောက်လာတဲ့ တိုက်ခိုက်ရေး အားကစားကို မွေ့လျော်သူ ဖိုက်တာတယောက်ပါ။ ပွဲထိုးသတ်ခြင်းတွေကို အလုပ်တခုကို သဘောမထားဘဲ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ် တထပ်တည်းကျအောင် ကြိုးစားနိုင်ခဲ့သူပါ။ တိုက်ခိုက်ရေးအားကစားသမားတယောက်ရဲ့ အကောင်းဆုံးအချိန်ကို ကျော်လွန်လာပြီဖြစ်ပေမယ့် အောင်လအန်ဆန်းဟာ အခုအချိန်အထိ ပရိသတ်ကိုရသပေးဖို့ စိတ်အားထက်သန်နေဆဲဖြစ်တာကြောင့် အာဒိုဂန်နဲ့ပွဲမှာ ရလဒ်ဘယ်လိုပဲထွက်ပါစေ ပရိသတ်ကျေနပ်စရာ ထိုးလုံးသတ်ပေါက်တွေနဲ့ မြန်မာ စပါးအုံးမြွေက ဖျော်ဖြေဦးမှာ သေချာပါတယ်။

ရေးသားသူ - ထို့တပတ်

#မြေလတ်အသံ

#အားကစား #ဆောင်းပါး #ဝမ်းချန်ပီယံရှစ် #အောင်လအန်ဆန်း #မြန်မာစပါးအုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10