မတ္တရာနယ်က စစ်တပ်အထိုင်စခန်း ၇ ခုကို ထပ်သိမ်း၊ ဆက်လက်တိုက်ပွဲပြင်းထန်နေ

မတ္တရာနယ်က စစ်တပ်အထိုင်စခန်း ၇ ခုကို ထပ်သိမ်း၊ ဆက်လက်တိုက်ပွဲပြင်းထန်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီအထိုင်ချတပ်စခန်း ၇ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေး-မတ္တရာလမ်းပိုင်းရှိ ကျောက်တံတားနဲ့ မြကန်သာကျေးရွာတွေမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)က ဒီကနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီအထိုင်ချထားတဲ့ ငါးလုံးပြွန်ရွာတပ်စခန်း၊ တောင်ကန်ရွာတပ်စခန်း၊ အောင်သပြေရွာနဲ့ အောင်သပြေကားကွင်းတပ်စခန်း၊ မြို့ကုန်းရွာတပ်စခန်း၊ ထန်းပင်ကုန်းရွာတပ်စခန်းနဲ့ ဘိုကုန်းရွာတပ်စခန်းတွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

"မနေ့ကအထိ လေကြောင်းနဲ့ တအုန်းအုန်းလာကြဲနေတုန်းပဲ။ စစ်ကားတွေလည်း တောက်လျှောက်သွားတယ်။ ကျောက်တံတားဘက်ကနေတော့ လေယာဥ်ကြဲတဲ့အသံရော၊ လက်နက်ကြီးသံရော ကြားနေရတယ်"လို့မန္တလေး-မတ္တရာ ကားလမ်းအနီးနေထိုင်သူ အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း မတ္တရာမြို့နယ်နဲ့မန္တလေးမြို့ အကြားရှိကျေးရွာတွေမှာ စစ်အင်အား ၅၀၀ ကျော် ပို့ဆောင်တပ်ဖြန့်ထားကာ လေကြောင်းနဲ့ပါ ပူးပေါင်းခံစစ်ပြင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်က မတ္တရာမြို့ဘက်ကနေ မန္တလေးမြို့ထဲကိုဝင်ရောက်တဲ့ အဝင်စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ရွှေကျင်တိုးဂိတ်တခုသာချန်ပြီး ကျန်အဝင်တဲ့လမ်းတွေအားလုံးကို ပိတ်ထားတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ခဲ့ပြီးတဲ့နောက် ဇူလိုင်လဝက်ပိုင်းအထိ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီအထိုင်တပ်စခန်း ၂၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အခုလကုန်ပိုင်းမှာ နောက်ထပ် တပ်စခန်း ၇ ခုကို သိမ်းပိုက်နိုင်ခဲ့လို့ မတ္တရာမြို့နယ်မှာ MDY-PDFကသိမ်းယူထားနိုင်တဲ့ တပ်စခန်း ၃၅ ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။

သတင်း - N၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မတ္တရာ #စစ်ကောင်စီ #စခန်းသိမ်းတိုက်ပွဲ #၁၀၂၇စစ်ဆင်ရေး #ဒုတိယပိုင်း #MDYPDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10