မန္တလာသီရိအားကစားကွင်းရှေ့က ရဲဂိတ်ဗုံးပစ်ခံရလို့ ၃ ဦး ဒဏ်ရာရ

မန္တလာသီရိအားကစားကွင်းရှေ့က ရဲဂိတ်ဗုံးပစ်ခံရလို့ ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ၁၀၅ လမ်းနှင့် ၁၀၆ လမ်းကြား၊ ၆၈ လမ်းပေါ်ရှိ မန္တလာသီရိအားကစားကွင်းရှေ့က ရဲဂိတ် ဗုံးပစ်ခံရလို့ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ အားကစားကွင်းရဲ့ အရှေ့ဘက် အဝင်ပေါက် ရဲဂိတ်ကို လူ ၂ ဦးက ဆိုင်ကယ်နဲ့လာပြီး ဗုံးပစ်သွင်းခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အဲမှာက ရဲတွေပဲ ရှိတာများတယ်။ မနေ့နေ့လည်က ဗုံးပစ်ခံရတယ်။ ထိခိုက်တာက ၃ ဦး ရှိတယ်။ အားကစားကွင်း လုံခြုံရေးစောင့်တဲ့ ရဲအဖွဲ့တွေပါ။ ဒဏ်ရာတွေက အပြင်းထန်ရတာတော့ မရှိဘူး" လို့ ပြောပါတယ်။

ဗုံးပစ်ခံရလို့ ဂိတ်စောင့်နေတဲ့ ဒုရဲအုပ် ၁ ဦးအပါအဝင် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာ​ကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ မည်သည့်ဒေါက်တိုင်ကိုမဆို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မဟာအောင်မြေမြို့နယ်က အမှတ်(၉)ရဲစခန်း လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး မပေါက်ကွဲလို့ သေနတ်နဲ့ပစ်ခတ်ခဲ့သေးတယ်လို့ အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ချမ်းမြသာစည်မြို့နယ်၊ ရွှေတချောင်းလမ်းက သံ/တောင်ရုံးကိုပစ်ခတ်ခဲ့ရာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10