မန္တလေးက မီနီအိုးဝေတွေကို အဝါရောင်ပြောင်းဖို့ မလိုက်နာရင် လိုင်စင်သိမ်းမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

မန္တလေးက မီနီအိုးဝေတွေကို အဝါရောင်ပြောင်းဖို့ မလိုက်နာရင် လိုင်စင်သိမ်းမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

မန္တလေးတိုင်း၊ မန္တလေးမြို့အတွင်း ပြေးဆွဲနေတဲ့ မီနီအိုးဝေအားလုံးကို အဝါရောင် ပြောင်းဖို့ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီက အမိန့်ထုတ်ပြန်လိုက်ပြီး မလိုက်နာပါက လိုင်စင်ဖျက်သိမ်းခံရမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

အခုလို မီနီအိုးဝေယာဥ်တွေကို စစ်ကောင်စီက သူတို့စိတ်ကြိုက် စီမံဖန်တီးနေတာဟာ ဒေသခံ မီနီအိုးဝေမောင်းနေသူတွေအတွက် စားဝတ်နေရေး ခက်ခဲအောင် လုပ်နေတာဖြစ်ပြီး ဖိနှိပ်မှုဖြစ်တယ်လို့ မီနီအိုးဝေ ယာဥ်မောင်းတဦးက ပြောပါတယ်။

"သူတို့က အရောင်မပြောင်းရင် ပြေးဆွဲခွင့်ပိတ်မယ်။ လိုင်စင် ပိတ်သိမ်းမယ် ပြောတယ်ဆိုတော့ မူလအဝါရောင်ရှိတဲ့သူက ပြသနာမရှိဘူး။ ကျန်တဲ့အရောင်ရှိတဲ့ ယာဥ်ပိုင်ရှင်တွက အော်ဆေးတွေ ပျောက်မယ်။ ကုန်ကျစရိတ်တွေ ပိုလာမယ်။ ပြန်ရောင်းရင်လည်း ရှုံးမယ်။ သူတို့ခိုင်းသလို မလုပ်ရင် စားဝတ်နေရေး ခက်ခဲသွားမယ်။ တကယ်တမ်းက မလိုအပ်ဘူးလေ။ သူတို့လုပ်ချင်ရင် အစကတည်းက တင်သွင်းတဲ့ကုမ္ပဏီကို သူတို့ကြိုက်တဲ့ အရောင်တမျိုးတည်း သွင်းခိုင်းပေါ့။ ခုက မရောင်ရာဆီလူးတာနဲ့ တူတူဘဲ" လို့ ပြောပါတယ်။


မန္တလေးမှာ ယခင်က မြို့တွင်းလိုင်းကားပြေးဆွဲမှုတွေ ရှိခဲ့ပေမယ့် မီနီအိုးဝေတွေ ပေါများလာပြီးနောက်မှာ လိုင်းကားပြေးဆွဲတာ မရှိသလောက်နည်းပါးသွားပြီး မြို့တွင်းသွားလာရေးအတွက် မီနီအိုးဝေတွေကိုသာ အသုံးပြုသူများလာတယ်လို့ ဆိုပါတယ်။

မန္တလေးမြိုးနယ်တခွင်မှာ မီနီအိုးဝေ အစီးရေ ထောင်ချီရှိပြီး သာမန်လူတန်းစားအများစုက အိုးဝေမောင်းရင်း မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ထိ နောက်ဆုံးထားပြီး မန္တလေးမြို့တွင်း ပြေးဆွဲနေတဲ့ မီနီအိုးဝေအားလုံး အဝါရောင်ပြောင်းလဲရမယ်လို့ မတ်လ ပထမပတ်အတွင်းက စတင်ပြီး မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ (မြို့တွင်း)မှ အမိန့်ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ မန္တလေးမြို့တော်ကို မြို့ပြအင်္ဂါရပ်နဲ့အညီ သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ ရှိစေရေး၊ ခရီးသည်တွေ လုံခြုံချောမွေ့စွာ သွားလာမှု ပိုမိုအဆင်ပြေစေဖို့နဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ရဲ့ ဆုံးဖြတ်ညွှန်ကြားချက်အရ မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ခရီးသည်တွေ တင်ဆောင်ပြေးဆွဲလျက်ရှိကြတဲ့ လူစီးသုံးဘီး အငှားယာဉ်တွေကို ဆေးရောင်တရောင်တည်း အဝါရောင် (ကုဒ်နံပါတ်-455)ကို တပြေးညီ ဖြစ်စေရေး ဆေးရောင် ပြောင်းရမယ်လို့ ဆိုထားပါတယ်။

လူစီးသုံးဘီး အငှားယာဉ်တွေကို ပိုင်ဆိုင်ကြတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာ ဘော်ဒီရုံတွေမှာ ဆေးရောင်ပြောင်းခြင်းလုပ်ငန်းကို သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမယ်လို့လည်း သိရပါတယ်။

အရောင်ပြောင်းပြီးတဲ့ ယာဥ်တွေကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်စစ်မှတ်တမ်းတင်ခြင်း လုပ်ငန်းတွေကို ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းမှာ မတ်လ ၁၆ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ ရုံးချိန်အတိုင်း ဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10