သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF မန္တလေးခရိုင် တပ်ရင်း ၅ တပ်ဖွဲ့ဝင်တွေနဲ့ ဂန့်ဂေါခရိုင်ဗျူဟာက PDF တပ်ဖွဲ့ဝင်တွေအတွက် လက်နက်၊ ခဲယမ်းနဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေထံက သိရပါတယ်။
ရှေ့တန်းမှာ တိုက်ပွဲဝင်မယ့် မန္တလေးခရိုင် တပ်ရင်း ၅ PDF ရဲဘော် ၅၀ ဦးအတွက် ကျည်ကာအင်္ကျီ၊ ကျည်ကာပြား၊ အီကွေ့မန့်၊ ကျည်ကာဦးထုပ်နဲ့အစွပ် ၊ ကျောပိုးလွယ်အိတ် စတာတွေပါဝင်တဲ့ ချပ်ဝတ်တန်ဆာ ၁ စုံစီကို အောက်တိုဘာ ၁၉ ရက် မနေ့က တပ်ဆင်ပေးခဲ့တာလို့ အဆိုပါတပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
" ရှေ့တန်းမှာ ရဲဘော်တွေ ရဲဝံ့စွာတိုက်ပွဲဝင်နိုင်ဖို့နဲ့ စိတ်ဓာတ်မြင့်မားစေဖို့ ရည်ရွယ်တပ်ဆင်ပေးတာပါ" လို့ တပ်ရင်းမှူး ဗိုလ်ဖောင်းဒိုင်းက ပြောပါတယ်။
ကျည်ကာအင်္ကျီ၊ ကျည်ကာပြား၊ အီကွေ့မန့်၊ ကျည်ကာဦးထုပ်နဲ့အစွပ်၊ ကျောပိုးလွယ်အိတ် စတာတွေ ပါဝင်တဲ့ ချပ်ဝတ်တန်ဆာ ၁ စုံအတွက် ကျပ် ၁၆ သိန်းတန်ဖိုးရှိပြီး ရဲဘော် ၅၀ ဦးစာ ကျပ်သိန်း ၈၀၀ ကုန်ကျမှုအတွက် ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့လှူဒါန်းငွေနဲ့ တပ်ရင်းရံပုံငွေတွေကနေ သုံးစွဲခဲ့တာလို့ သိရပါတယ်။
အလားတူ အောက်တိုဘာ ၂၀ ရက် ဒီကနေ့မနက်ပိုင်းမှာပဲ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ဗျူဟာအတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးအပ်ပွဲ အခမ်းအနားကို ဂန့်ဂေါခရိုင်အတွင်းတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၃ တာဝန်ရှိထံက သိရပါတယ်။
ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ စတဲ့ တပ်ရင်း ၅ ခုကို ပူးပေါင်းပြီး ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ ဖွဲ့စည်းခဲ့တဲ့ ဂန့်ဂေါခရိုင်ဗျူဟာအတွက် လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
" အရေအတွက်ကတော့ နောက်တစ်သုတ်မှ သိရပါမယ်။ လတ်တလော အသုံးပြုနိုင်ဖို့ ခဲယမ်းအချို့တော့ပါလာတယ်" လို့ ခရိုင်တပ်ရင်း ၁၃ တာဝန်ရှိသူ ဗိုလ်ပုဂံက ပြောပါတယ်။
NUG-MOD က တပ်ဆင်ပေးတဲ့ လက်နက်တွေမှာ MA 1၊ MA 2၊ MA 3၊ MA 4 စတဲ့ မောင်းပြန်ရိုင်ဖယ်တွေ ပါဝင်ပြီး ခဲယမ်းအများအပြားကိုလည်း တပ်ဆင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP
#မြေလတ်အသံ
#မန္တလေး #ယော #PDF #ချပ်ဝတ်တန်ဆာ
Share Share Share