မန္တလေးမြို့ထဲ မဟာမိတ်တွေရောက်နေတဲ့သတင်းကြောင့် စစ်တပ်က မြို့ပေါ်ဘုန်းကြီးကျောင်းနဲ့ ဘုရားတွေမှာ တပ်စွဲ

မန္တလေးမြို့ထဲ မဟာမိတ်တွေရောက်နေတဲ့သတင်းကြောင့် စစ်တပ်က မြို့ပေါ်ဘုန်းကြီးကျောင်းနဲ့ ဘုရားတွေမှာ တပ်စွဲ

မန္တလေးမြို့မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် စျေးချိုတော်အပါအဝင် မန္တလေးမြို့တွင်း၊ မြို့ပြင်က ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်တပ်က တပ်စွဲထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မန္တလေး PDF တပ်ရင်းတွေပေါင်းပြီး နိုဝင်ဘာ ၁၃ ရက်က ရွှေပြည်စိုးစစ်ဆင်ရေးစတင်ကြောင်းကြေညာခဲ့ပြီးနောက် ၇၈ လမ်း(မန္တလေး-ရန်ကုန်လမ်း)၊ တမာတန်းအနီးက စစ်တပ်ဝန်းထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့သလို အမရပူရမြို့နယ်၊ တောင်သမန်လမ်းမှာလည်း PDF အလံကို စိုက်ခဲ့ပြီးနောက် ယခုလိုတပ်စွဲတာတွေ လုပ်နေတာလို့ သိရပါတယ်။

တပ်တွင်းသတင်းရင်းမြစ်တဦးက "AA၊ MNDAAနဲ့ PDF တပ်တွေ မြို့ထဲရောက်နေတယ်လို့ သတင်းရထားတယ်။ မြို့တွင်းစစ်ဆေးမှုက ပိုပြီးကျပ်တည်းလာလိမ့်မယ်။ မြို့အပြင်က ကျေးရွာတွေအထိ စစ်တပ် တပ်စွဲပြီးရင် ဧည့်စာရင်းကို လူစာရင်းနဲ့ တိုက်စစ်ဖို့ ပြင်ဆင်ထားတယ်။ အဝေးက တပ်တချို့ကိုပါ မြို့တွင်းကို ခေါ်ထားတယ်"လို့ ဆိုပါတယ်။

စစ်ကောင်စီက လုံခြုံရေးတင်းကျပ်တဲ့အနေနဲ့ နိုဝင်ဘာ ၁၄ ရက်မှာ စျေးချိုတော် အပေါ်ထပ်၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြား၊ ၇၅ လမ်း၊ ဆုတောင်းပြည့်ဘုရား၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြား၊ ၇၆ လမ်းအနီး မြေနီကုန်းကျောင်းတိုက်၊ ကံကြီးကုန်းရပ်ကွက်၊ မကွေးကျောင်းတိုက်၊ အမရပူရမြို့နယ်၊ သရက်နှစ်ပင်ရပ်ကွက်၊ မန္တလေးတောင် ကျောက်တော်ကြီးဘုရား၊ မန္တလေးတောင်၊ ရန်ကင်းတောင် ပုသိမ်ကြီးမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း၊ အောင်ပင်လယ်ရပ်ကွက်က ဘုရားတချို့တို့မှာ စစ်အင်အား ၁၅ ယောက်ကနေ ၃၀ အထိ တပ်စွဲထားတယ်လို့ မန္တလေးမြို့ခံ UG ခေါင်းဆောင်တဦးက ပြောပါတယ်။

"မြို့ပတ်လမ်းက တပ်စွဲထားတဲ့နေရာတွေမှာဆို အမျိုးသမီးတပ်ဖွဲ့တွေပါ ပါတယ်လို့သတင်းရထားတယ်။ သူတို့တပ်စွဲထားတဲ့နေရာနဲ့ အင်အားစာရင်းတွေကို ကျွန်တော်တို့ ရထားပါတယ်" လို့ မန္တလေး UGအဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

ဒီလို နေရာအနှံ့တပ်စွဲတာတွေအပြင် မြို့တွင်းစစ်ဆေးမှုတွေကိုပါ တင်းကျပ်ထားပြီး မနက်တကြိမ်၊ ညနေတကြိမ် ကျုံးဘေးလမ်းတွေ ပိတ်ပြီး မိုင်းရှာတာတွေလုပ်ဆောင်နေပါတယ်။

မြို့တွင်း ပိတ်ဆို့စစ်ဆေးတာတွေလည်းပြုလုပ်နေပြီး ၁၅ ရက် နောက်ပိုင်းကစတင်ကာ ထမင်းချိုင့်တွေအထိ လမ်းတွေမှာ ဖွင့်လှစ်စစ်ဆေးတာတွေလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြေပြင်ကင်းထောက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရလည်း တပတ်အတွင်း အမျိုးသား ၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၃ ဦးဟာ လမ်းမပေါ်မှာ စစ်ဆေးနေတဲ့အဖွဲ့တွေက ဖမ်းဆီးသွားတာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျုံးဘေးပတ်လည်မှာ တဖက်ကို နေရာသုံးခုအထိ တပ်စွဲထားပြီး ယခုရက်ပိုင်းအတွင်း အင်အားပိုတိုးထားတာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ တကြော့ပြန်ဝင်ရောက်လာပြီးတဲ့နောက်မှာ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်ရုံးရှေ့မှာ အရပ်ဝတ်စစ်သားတဦး ပစ်သတ်ခံခဲ့ရသလို အမှတ် ၂ ရဲစခန်းရှေ့မှာလည်း နယ်ထိန်းတဦးပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #ဘုန်းကြီးကျောင်း #AA #MNDAA #PDF #စစ်ကောင်စီ #မြို့ပေါ် #လုံခြုံရေး #အောင်မြေသာစံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10